ရုရှားနဲ့တရုတ် ကုမ္ပဏီတွေ လာဘ်ပေး လုပ်ကိုင်မှု များ

Image caption အဂတိလိုက်စားမှုကြောင့် လူမှုအဖွဲ့အစည်းကို ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်စေခဲ့

တရုတ်နဲ့ ရုရှားနိုင်ငံတို့က ကုမ္ပဏီတွေဟာ နိုင်ငံခြား တိုင်းပြည်တွေမှာ စီးပွားရေး လုပ်ငန်းတွေ လုပ်တဲ့အခါ လာဘ်ပေးမှုတွေ အများဆုံး လုပ်တာကို လေ့လာ တွေ့ရှိရ တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့ Transparency International က ပြောပါတယ်။

အများပြည်သူနဲ့ ဆိုင်တဲ့ လုပ်ငန်းတွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ အဂတိ လိုက်စားမှု အများဆုံး ဖြစ်နေတဲ့ လုပ်ငန်းပိုင်းတွေ ဖြစ်တယ်လို့ Transparency International ရဲ့ လေ့လာတွေ့ရှိချက်မှာ ဖေါ်ပြထားပါတယ်။

လာဘ်ပေးလာဘ်ယူမှုနဲ့ အဂတိလိုက်စားမှုတွေကြောင့် ကုမ္ပဏီတွေ လုပ်ငန်း လည်ပတ်နေတဲ့ နိုင်ငံတွေက လူမှုအဖွဲ့အစည်းကို ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်စေခဲ့ တယ်လို့ အဲဒီအဖွဲ့ က ပြောပါတယ်။

G20 နိုင်ငံတွေ အပါအဝင် နိုင်ငံ ၂၈ ခုက ကုမ္ပဏီတွေကို လေ့လာ ဆန်းစစ်ခဲ့တာ ဖြစ်ပြီး၊ နယ်သာလန်နဲ့ ဆွစ်ဇာလန် နိုင်ငံတို့ ကတော့ လာဘ်ထိုးမှု အနည်းဆုံး နိုင်ငံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံကတော့ ၂၀၀၈ ခုနှစ် နောက်ပိုင်း တိုးတက်မှုအများဆုံး ရှိတဲ့ နိုင်ငံဖြစ်တယ်လို့ ဆိုပေမယ့်လည်း နိုင်ငံအစဉ်လိုက်မှာ တဝက်လောက် နေရာမှာပဲ ဆက်လက် တည်ရှိနေဆဲ ဖြစ်ပါတယ်။