ဆန္ဒပြသူတွေ နှိမ်နင်းတာ ရပ်ဖို့ ဆီးရီးယား အစိုးရ သဘောတူ

ဓာတ်ပုံ မူပိုင် Reuters
Image caption Arab League အစည်းအဝေး ကျင်းပနေပုံ

ဆီးရီးယား နိုင်ငံမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းမှုတွေကို ရပ်တန့်စေမယ့် အဆိုပြုချက်တွေကို ဆီးရီးယား အစိုးရ သဘောတူလိုက်ပြီလို့ အာရပ် အဖွဲ့ချုပ်က ပြောပါတယ်။

ကိုင်ရိုမြို့မှာ ကျင်းပတဲ့ အာရပ်အဖွဲ့ချုပ် အစည်းအဝေးမှာ ပြောကြားရာမှာ ဆီးရီးယား အစိုးရက တင့်ကားတွေကို လမ်းတွေပေါ် ချထားတာတွေ ပြန်ရုတ်သိမ်းပြီး နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးမယ် ၊ လာမယ့် သီတင်း နှစ်ပတ် အတွင်း အတိုက်အခံ တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ စတင် ဖွယ်ရှိတယ်လို့ Qatari ဝန်ကြီးချုပ် Sheikh Hamad bin Jassim al-Thani က ပြောပါတယ်။

အဆိုပါ ဆောင်ရွက်ချက်တွေ တကယ် အကောင်အထည် ဖော်ရဲ့လား ဆိုတာကို စစ်ဆေးဖို့ နိုင်ငံခြား သတင်းထောက်တွေကိုလည်း ဆီးရီးယား နိုင်ငံထဲ ဝင်ခွင့်ပေးမယ်လို့ ဆိုပါတယ်။

အစိုးရဟာ ဂုဏ်သိက္ခာ ရှိရှိနဲ့ ဒီသဘောတူညီချက်တွေကို လိုက်နာဆောင်ရွက်ရဲ့လား ဆိုတာ ဆီးရီးယား အတိုက်အခံတွေက သံသယစိတ် အပြည့်နဲ့ စောင့်ကြည့် လိမ့်မယ်လို့ ကိုင်ရိုမြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဆီးရီးယား နိုင်ငံက အစိုးရ ဆန့်ကျင်ရေး လူထု အုံကြွမှု အတွင်း သေဆုံးခဲ့ရသူ သုံးထောင်နီးပါး ရှိပြီလို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။