ဆီးရီးယားတိုက်ခိုက်မှုတွေမှာ လူ ၃၅၀၀ ကျော်သေ

Syria ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယားက ဆန္ဒပြမှုများ

ဆီးရီးယား နိုင်ငံက ဆန္ဒပြမှုတွေအတွင်း လူသေဆုံးမှုဟာ ၃၅၀၀ ကျော်သွားပြီလို့ ကုလသမဂ္ဂ UNCHR လူ့အခွင့်အရေး ကောင်စီက ထုတ်ပြန် ပြောကြား လိုက်ပါတယ်။

တချိန်တည်းမှာပဲ ဆီးရီးယားက ဟုမ်းစ်မြို့မှာ တော့ တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေ ပါတယ်။

ဆီးရီးယားရဲ့ တတိယအကြီးဆုံး ဟုမ်းစ်မြို့ တမြို့လုံးမှာ အစိုးရရဲ့ သံချပ်ကာ ကားတွေ နေရာယူ ထားပါတယ်။

ဒီမြို့အနီးဝန်းကျင်မှာလည်း ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဒေသခံတွေ အပြောအရ စစ်သားတွေဟာ လူနေအိမ်တွေ၊ တိုက်ခန်း တွေထဲကို ဝင်ရောက်ပြီး ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒေသခံတွေ အများအပြားကတော့ တိုက်ပွဲတွေ စဖြစ်ကတည်းက ထွက်ပြေးသွားကြပါတယ်။

ဟုမ်းစ်မြို့ဟာ ပြီးခဲ့တဲ့ လအနည်းငယ် အတွင်းတုန်းကတော့ မြို့ရဲ့ အစိတ်အပိုင်း အများစုကို အတိုက်အခံတွေရဲ့ ထိမ်းချုပ်မှုအောက်မှာ ရှိနေ ခဲ့ပါတယ်။ နောက်ပြီး အစိုးရ စစ်တပ်ကနေ ထွက်ပြေးလာတဲ့ တပ်သားတွေကို ခိုလှုံခွင့် ပေးထားတဲ့ မြို့လည်း ဖြစ်ပါတယ်။ အခုတော့ အစိုးရတပ်က ပြန်လည် ထိမ်းချုပ်နိုင်ဖို့ တိုက်ခိုက်နေတဲ့ သဘော တွေ့ရပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်ကတော့ ဆီးရီးယား အစိုးရဟာ အာရပ်အဖွဲ့ချုပ်ရဲ့ အဆိုပြုလွှာတွေကို ဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်။ အဲဒီထဲမှာ ဆီးရီးယားရဲ့ ရှေ့နိုင်ငံရေး လုပ်ငန်းစဉ်မှာ အတိုက်ခံတွေ ပါဝင်နိုင်ဖို့၊ လမ်းတွေပေါ်မှာ နေရာယူထားတဲ့ စစ်တပ်တွေ ပြန်လည် ယုတ်သိမ်း ဖို့တွေ ပါဝင်ပါတယ်။

ပထမအဆင့် အနေနဲ့ ဆီးရီးယား အစိုးရက နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေးလိုက်ပြီ လို့လည်း ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် အတိုက်အခံတွေ ပြောတာ ကတော့ နိုင်ငံရေး အကျဉ်းသားတွေ ထောင်နဲ့ချီပြီး ဆက်ရှိ နေသေးသလို အစိုးရဟာ ဆက်လက် ဖမ်းဆီးမှု တွေလည်း လုပ်နေတယ်လို့ ပြောပါတယ်။