ဗြိတိန်က လူဝင်မှု ကြီးကြပ်ရေး အကြီးအကဲ ရာထူးက နှုတ်ထွက်

Image caption ပြည်ထဲရေး ဝန်ကြီး Theresa May

ဗြိတိန်မှာ ဝန်ကြီးအဆင့်ရဲ့ အတည်ပြုချက် မရဘဲ သူ့သဘောနဲ့သူ နိုင်ငံတွင်း ဝင်လာတဲ့သူတွေကို နိုင်ငံကူး လက်မှတ် မှတ်ပုံတင် အထောက်အထားတွေ စစ်ဆေးမှုကို လျှော့လျှော့ ပေါ့ပေါ့ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲ ခံနေရပြီး ရာထူးက ရပ်ဆိုင်းခံရထားရတဲ့ လူဝင်မှု ကြီးကြပ်ရေး ဌာန အကြီးအကဲဟာ ရာထူးက နှုတ်ထွက်သွားပါပြီ။

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ပါလီမန်မှာ ပြည်ထဲရေး ဝန်ကြီး Theresa May ရဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့ တုန့်ပြန် ကာကွယ် ပြောဆိုနိုင်ဖို့ မရှိပါဘူးလို့ Brodie Clark ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှေ့ပြေး စီမံကိန်း တရပ်ရဲ့ တစိတ်တပိုင်း အနေနဲ့ သူမ လုပ်ခွင့်ပေးခဲ့တဲ့ အပြောင်းအလဲ တွေကို ဘောင်ကျော်ပြီး ပြည်ဝင်ခွင့် ထိန်းချုပ်မှုတွေကို လျှော့ပေါ့သွားအောင် မစ္စတာ ကလာ့ခ်က ဆောင်ရွက်ခဲ့တယ်လို့ Theresa May က စွပ်စွဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ပြောကြားချက်ဟာ မှားယွင်းတယ်လို့ မစ္စတာ ကလာ့ခ်က ဆိုပြီး သူ့အတွက် လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ဝန်ထမ်း အဖွဲ့အစည်းက အပြုသဘောဆောင်တဲ့ ရာထူးက ထုတ်ပယ်မှုနဲ့ တရားစွဲမယ်လို့ ဆိုပါတယ်။