အီတလီပေးရမယ့် အတိုးနှုန်း စံချိန်တင် မြင့်တက်

ဓာတ်ပုံ မူပိုင် Reuters
Image caption အီတလီပေးရမယ့် အတိုးနှုန်းဟာ အခုဆိုရင် ၇ ရာခိုင်နှုန်းကျော် မြင့်တက်သွားပြီ

အီတလီဝန်ကြီးချုပ် ဆယ်လ်ဗီယို ဘာလူစကိုနီ ရာထူးက နှုတ်ထွက်မယ်လို့ ကြေညာခဲ့ပြီး နောက်နေ့ဖြစ်တဲ့ ဗုဒ္ဓဟူး နေ့ မှာတော့ ချေးငွေအတွက် အီတလီက ပေးရမယ့် အတိုးနှုန်းတွေဟာ စံချိန်တင်အောင် မြင့်တက်လာခဲ့ပါတယ်။

အီတလီပေးရမယ့် အတိုးနှုန်းဟာ အခုဆိုရင် ၇ ရာခိုင်နှုန်းကျော် အထိ မြင့်တက်သွားပြီ ဖြစ်ပါ တယ်။

တခြား ယူရိုငွေသုံး နိုင်ငံတွေဖြစ်တဲ့ အိုင်ယာလန်၊ ပေါ်တူဂီနဲ့ ဂရိနိုင်ငံတွေ အနေနဲ့ ကြွေးမြီ အကျပ်အတည်းကြောင့် ကူညီငွေ ရယူရမယ့် အခြေအနေ ပုံစံမျိုးလို အီတလီနိုင်ငံ ရင်ဆိုင် နေရပြီ ဖြစ်ပါတယ်။

အခုဆိုရင် အီတလီအနေနဲ့ အရေးပေါ် ချေးငွေ ရယူဖို့ လိုအပ်တဲ့ အခြေအနေမျိုး ကြုံရဖို့ ရှိနေပြီ လို့ ဘီဘီစီ စီးပွားရေးဆိုင်ရာ သတင်းထောက်က ပြောပါတယ်။

ယူရိုဇုန်ရဲ့ ကူညီပေးရေး ရန်ပုံငွေမှာလည်း ငွေမလုံမလောက် ဖြစ်နေပြီလို့ သတင်းထောက် က ပြောပါ တယ်။

စီးပွားရေး ပြုပြင်တာကို ဥရောပစောင့်ကြည့်မယ်

အခုတော့ အီတလီနိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို စစ်ဆေးဖို့ အတွက် ဥရောပ သမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ဟာ အီတလီနိုင်ငံ ရောမမြို့ကို သွားရောက် မှာ ဖြစ်ပါတယ်။

တခြားကိစ္စရပ်တွေနဲ့ အတူ နိုင်ငံပိုင် လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် လုပ်ရေးနဲ့ ပင်စင် လစာ ပြောင်းလဲရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အီတလီမှာ အခက်အခဲတွေ ဖြစ်နေပါတယ်။

မစ္စတာ ဘာလူစကိုနီက သူရာထူးက မဆင်းခင် ပြုပြင်ပြောင်းလဲမှုတွေကို ပါလီမန်က အတည်ပြု လက်ခံအောင် လုပ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း နောက်ထက်ဘာတွေ ဆက်ဖြစ်လာမယ် ဆိုတာကတော့ မသေချာ မရေရာ အခြေအနေမျိုး ဖြစ်နေပါတယ်။

ရွေးကောက်ပွဲလုပ်တဲ့ အခါမှာတော့ သူ့အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့လည်း မစ္စတာ ဘာလူစကိုနီက ပြောပါတယ်။