ယူရိုဇုန် ပြဿနာ ဘယ်လို ကိုင်တွယ်သင့် သလဲ

ဥရောပ ယူရိုဇုန် အတွင်းမှာ အစိုးရတွေရဲ့ အကြွေး ပြဿနာ ပိုဆိုး လာနိုင်တဲ့ အတွက် ဂရိနဲ့ အီတလီ နိုင်ငံတို့ ဘက်က နိုင်ငံရေး နည်းလမ်းနဲ့ ပိုပြီး ရှင်းရှင်း လင်းလင်း လုပ်ဆောင်ဖို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF အကြီး အကဲ ခရစ္စတင်း လာဂတ်က တိုက်တွန်း လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ငွေကြေး အကျပ် အတည်း ကိစ္စ IMF အကြီးအကဲ သတိပေး

တရုတ်နိုင်ငံ ဘေဂျင်း မြို့တော်မှာ တရုတ် ခေါင်းဆောင်တွေနဲ့ ဆွေးနွေး အပြီး ဥရောပ ငွေကြေး အကျပ်အတည်း ကိစ္စကို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

ဂရိနဲ့ အီတလီက ငွေကြေး ပြဿနာ အပေါ် ကိုင်တွယ်ရာမှာ ရှုပ်ထွေးမှုတွေ ရှိနေတာ တွေက ငွေကြေး စျေးကွက်တွေ အပေါ် မတည် မငြိမ် ဖြစ်စေတယ်လို့ သူက ပြော ပါတယ်။

အမေရိကန်နဲ့ အရှေ့ အလယ်ပိုင်း ငွေကြေး စျေးကွက် တွေမှာ ၃ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းထိ စျေးတွေ ထိုးကျခဲ့ ပါတယ်။

အီတလီ အစိုးရရဲ့ အကြွေးတွေ အပေါ် ဗုဒ္ဓဟူး နေ့က အခွန်တိုး ကောက်ခဲ့ပါတယ်။

ချေးငွေ အတိုးနှုန်းဟာ ၇ ရာခိုင်နှုန်း ကျော်ဖြစ်သွား ပါတယ်။

အီတလီ အစိုးရ က ပေါင်း သန်း လေးထောင့် ငါးရာ လောက် တန်ဖိုး ရှိတဲ့ အစိုးရ ငွေချေး စာချုပ် တွေကို ထုတ်ရောင်း နိုင်အောင် လုပ်ဆောင်ဖို့ ရှိပါတယ်။

ဒီလို ငွေကြေး အကျပ်အတည်း ကိစ္စတွေကြောင့် ဥရောပ အတွင်းက နိုင်ငံတွေ အနေနဲ့ အဆင့် နှစ်ဆင့်ထားပြီး လုပ်ဆောင်ဖို့ အခြေအနေ တွေ ဖြစ်လာနိုင် ပါတယ်။

အထူးသဖြင့် ပြင်သစ်နဲ့ ဂျာမနီတို့မှာ ဥရောပ သမဂ္ဂရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဘယ်လို လုပ်ဆောင်ကြမလဲဆိုတာကို အပြင်း အထန် ငြင်းခုန် ဆွေးနွေးမှုတွေ ရှိနေ ပါတယ်။

ပြင်သစ်သမ္မတ ဆာကိုဇီလို ပုဂ္ဂိုလ်မျိုး တွေက ဥရောပ ထဲမှာပဲ အုပ်စုနှစ်စု ပုံစံ နှစ်မျိုးနဲ့ သွားဖို့ လူသိ ရှင်ကြား ထုတ်ဖော် တိုက်တွန်း နေတာတွေ ရှိပါတယ်။

သူ့အဆိုအရ အုပ်စု တမျိုး မှာတော့ အခွန် ကိစ္စနဲ့ သုံးစွဲငွေ ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်မှု တွေကို အရှိန် မြန်မြန်နဲ့ ထိထိ ရောက်ရောက် လုပ်ဆောင်ဖို့ လိုတဲ့ နိုင်ငံတွေ ရှိနေပြီး ကျန်အုပ်စု နိုင်ငံတွေ မှာတော့ အဲဒီ လောက်ထိ နီးနီး ကပ်ကပ် ဆက်သွယ် လုပ်ဆောင်စရာ မလိုဘူးလို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ ကလည်း ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာ့ကဲလ်က ဥရောပရဲ့ ပုံစံသစ် တစ်ခု ရှိဖို့ လိုနေပြီလို့ ပြောပါတယ်။

ဒါပေမဲ့ ဒီကိစ္စက ဆွေးနွေး နေတုန်း ဖြစ်သလို အသေးစိတ် အချက် အလက်တွေလည်း ထွက်မလာသေး ပါဘူး။

ဒါပေမဲ့ ဒီလို ဆွေးနွေး ပြောကြား နေမှုတွေအပေါ် ဥရောပ ကော်မရှင် ဥက္ကဌ ဂျိုဆေး မန်နွဲ ဘရော့ ဆိုကတော့ ပြင်းပြင်း ထန်ထန် သတိပေးလိုက် ပါတယ်။

ဥရောပ သမဂ္ဂကို ပိုင်းခြားမယ့် ကိစ္စက အလုပ် မဖြစ်နိုင်ဘူးလို့ သူက ဆိုပါတယ်။

ဥရောပကို ပိုင်းခြားပြီးမှ ပူးပေါင်း လုပ်ဆောင်လို့ မရနိုင် သလို ဒီလို လုပ်ခဲ့ရင်လည်း နောက်မျိုးဆက်တွေ အတွက် အန္တရာယ် အလွန် များတယ်လို့ သူက ပြောပါတယ်။

တချိန်တည်း မှာပဲ ဂရိ နိုင်ငံမှာတော့ ဝန်ကြီးချုပ်သစ် ခန့်အပ်နိုင်ဖို့ ကြိုးစားနေ တဲ့ လေးရက်မြောက်နေ့ မှာ ပဲ ဥရောပ ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဟောင်း လုကပ်စ် ပါပါဒီမော့စ် Lucas Papademos ကို ခန့်ထားလိုက်ပါပြီ။

အီတလီ ပါလီမန် မှာလည်း စီးပွားရေး ပြပြုင် ပြောင်းလဲမှု လုပ်နိုင်မယ့် ဥပဒေကြမ်း တွေကို ဆွေးနွေးဖို့ ရှိပြီး အခု လာမယ့် စနေ တနင်္ဂနွေ လောက်မှာ အတည်ပြုဖို့ ရည်ရွယ် နေကြ ပါတယ်။

အီတလီက အဲဒီလို လုပ်ရင် ငွေကြေး စျေးကွက် မတည်ငြိမ်မှု တွေကို သက်သာ စေမယ်ဆိုတဲ့ မျှော်လင့်ချက် တွေလည်း ရှိနေပါတယ်။