ဆီးရီးယားကို အာရပ်အဖွဲ့ချုပ် အရေးယူ

syria ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား ဆန္ဒပြမှုတွေကို အစိုးရက ဆက်ပြီး အကြမ်းဖက် နှိမ်နင်းနေ

ဆီးရီးယားမှာ အစိုးရကို ဆန့်ကျင် ဆန္ဒ ပြနေသူတွေကို အကြမ်းဖက် နှိမ်နင်းတာ တွေ ရပ်မယ်လို့ ဆီးရီးယား အစိုးရက လွန်ခဲ့တဲ့ ဆယ်ရက်လောက်က အာရပ် အဖွဲ့ချုပ်မှာ ကတိ ပေးခဲ့ပေမယ့် အကြမ်း ဖက်နှိမ်နင်းမှုတွေ မရပ်တဲ့ အဆုံးမှာ မနေ့ ကတော့ အာရပ် အဖွဲ့ချုပ်က ဆီးရီးယားကို အရေးယူ လုပ်ဆောင်လာပါတယ်။

ဆီးရီးယားကို အာရပ် အဖွဲ့ချုပ်က ပြုလုပ်တဲ့ အစည်း အဝေးတွေ တက်ခွင့် ပိတ်ပင်မှု အပါ အဝင် ဒဏ်ခပ် ပိတ်ဆို့မှုတွေ လုပ်ဖို့ ဆုံးဖြတ် လိုက်ပါပြီ။

ဒါ့အပြင် အာရပ် အဖွဲ့ချုပ် အဖွဲ့ဝင် နိုင်ငံတွေကို သူတို့ရဲ့ သံအမတ်တွေကို ဆီးရီးယားကနေ ပြန်ခေါ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အာရပ် အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက် ထွက်လာပြီးနောက်မှာ ဆီးရီးယားဘက်က တုန့်ပြန်ချက် ကတော့ ဒီအဖွဲ့ဟာ အမေရိကန် လက်ကိုင်တုတ် သာသာလို့ စွပ်စွဲ ပြောဆိုခဲ့တာပဲ ဖြစ်ပါ တယ်။

ဆီးရီးယား နိုင်ငံက ဆန္ဒပြမှုတွေကို အစိုးရရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ဆယ်ရက်လောက်က အာရပ် အဖွဲ့ချုပ်နဲ့ ဆီးရီးယားတို့ ဆွေးနွေး ခဲ့ကြပြီး အာရပ် အဖွဲ့ချုပ်က ဆီးရီးယား အစိုးရ လုပ်ဆောင်ရမယ့် အချက်တွေကို ချပြခဲ့ပါတယ်။

အဲဒိထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ နောက် လမ်းတွေပေါ်မှာ ချထားတဲ့ လုံခြုံရေး တပ်တွေကို ပြန်ရုပ်သိမ်းပေးဖို့၊ နောက် အစိုးရနဲ့ အတိုက်အခံတို့ စ စကား ပြောဖို့တွေ ပါဝင်ပါတယ်။

ဒီ အချက်တွေကို ဆီးရီးယား အစိုးရက အဲဒိတုန်းက လက်ခံခဲ့ပေမယ့် ခု အာရပ် အဖွဲ့ချုပ် အမြင်မှာ ဆီးရီးယားက ကတိ အတိုင်း လိုက်နာမှု မရှိဘူးလို့ မြင်တဲ့ အတွက် ဆီးရီးယားကို အရေးယူ ဆောင်ရွက်ဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဆီးရီးယားကို အရေးယူဖို့ ကိုင်ရိုမှာ မဲခွဲတဲ့ အခါမှာ ဆယ့်ရှစ် နိုင်ငံက ထောက်ခံခဲ့ပြီး၊ ဆီးရီးယား၊ လက်ဘနွန်နဲ့ ယီမင် သုံးနိုင်ငံက ကန့်ကွက်ပါတယ်။ အီရတ်ကတော့ ဘာဆုံးဖြတ်ချက်မှ မပေးပါဘူး။

တကယ်တော့ ဆီးရီးယားကို အာရပ် အဖွဲ့ချုပ်က တနည်းတဖုံ အရေးယူမယ်လို့ မှန်းထား ကြပေမယ့် ခုလို ဒဏ်ခပ် ပိတ်ဆို့တာ၊ အဖွဲ့ဝင် နိုင်ငံတွေရဲ့ သံအမတ်တွေကို ပြန်ခေါ်ခိုင်း တဲ့ထိ ဆုံးဖြတ်တာကတော့ မှန်းထားတာထက် ပိုပြင်းထန်တယ်လို့ ဘီဘီစီ သတင်းထောက် ဂျွန်လိုင်းက သုံးသပ်ပါတယ်။

ခု အာရပ် အဖွဲ့ချုပ်ဟာ ဆီးရီးယား အတိုက်အခံတွေကို အာရပ် အဖွဲ့ချုပ် အစည်းအဝေး လုပ်တဲ့ ကိုင်ရိုထိ ဖိတ်တာကို ကြည့်ရင် အာရပ် နိုင်ငံတွေဟာ ဆီးရီးယား အစိုးရကို ဖြုတ်ချ မယ့် အတိုက်အခံတွေကို ထောက်ခံတဲ့ အင်အားစု တခု ပေါ်လာအောင် ကြိုးစားနေပုံရတယ် လို့ ဘီဘီစီ သတင်းထောက်က မှတ်ချက် ပေးပါတယ်။

ခု အာရပ် အဖွဲ့ချုပ်ရဲ့ အရေးယူ ဆုံးဖြတ်ချက်တွေဟာ ဗုဒ္ဓဟူးနေ့က စပြီး အမိန့် အာဏာ တည်မှာ ဖြစ်ပြီး ဒီကြားထဲမှာ ဆီးရီးယား အတိုက်အခံတွေနဲ့ ဆက်စကား ပြောသွား မယ်လို့ ကာတာ ဝန်ကြီးချုပ် ဟာမက် ဂျာဆင်က ပြောပါတယ်။

ခု အရေးယူ လုပ်ဆောင်မှုတွေ လုပ်နေလျက်နဲ့ ဆီးရီးယားမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ မရပ်ဖူး ဆိုရင် အာရပ် အဖွဲ့ချုပ်က လူ့အခွင့်အရေး အဖွဲ့တွေနဲ့ ကုလသမဂ္ဂက တဆင့် သွေးထွက် သံယိုမှုတွေ ရပ်တန့်အောင် သင့်တော်တဲ့ လုပ်ဆောင်မှုတွေ လုပ်သွားမယ် လို့လည်း ကာတာ ဝန်ကြီးချုပ်က ပြောပါတယ်။

လစ်ဗျား ကိစ္စကို ပြန်ကြည့်ရင် ခုလိုပဲ ပထမ အာရပ် အဖွဲ့ချုပ်က ကဒါဖီ အစိုးရကို ပြစ်တင် ရှုံ့ချတယ်၊ နောက် မပျံသန်းရဇုံ သတ်မှတ်တယ်။ ဒါတွေ အားလုံး ပြီးတဲ့အခါ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ ပြဌာန်း ဆုံးဖြတ်ချက် ချပြီး အရပ်သားတွေကို ကာကွယ်ဖို့ နေတိုးကို စစ်ရေးအရ ဝင်ရောက် စွက်ဖက်ခွင့် ပြုရာကနေ နောက်ဆုံး ကဒါဖီ ပြုတ်ကျတဲ့ထိ ဖြစ်ခဲ့ပါတယ်။

ခု ဆီးရီးယား ကိစ္စမှာ အတိုက်အခံတွေက မပျံသန်းရဇုံ သတ်မှတ်ဖို့ တောင်းဆိုပေမယ့် အာရပ် အဖွဲ့ချုပ်က အဲ့သလောက်ထိတော့ အရေး မယူသေးပါဘူး။

ဒါ့အပြင် ဆီးရီးယားဟာ လစ်ဗျားလို ဖြစ်မှာ မဟုတ်ဖူးဆိုပြီးလည်း ကာတာ ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါပေမယ့် ဆီးရီးယား သမ္မတ အာဆတ် အနေနဲ့ ဒီအတိုင်း ဆက်သွားမယ် ဆိုရင် သူ့အတွက် နေစရာရက် သိပ်ကျန်တော့မှာ မဟုတ်ဖူးဆိုတာကို အာရပ် အဖွဲ့ချုပ် နိုင်ငံတွေက သတိပေး ထားပြီးသား ဆိုတာကိုတော့ ပြောနိုင်တယ်လို့ ဘီဘီစီ သတင်းထောက်တွေက သုံးသပ် ထားပါတယ်။