ဘာလူစကိုနီ ရာထူးက နှုတ်ထွက်

berlusconi ဓာတ်ပုံ မူပိုင် Reuters
Image caption နှစ်နှစ်ဆယ်နီးပါး အီတလီ နိုင်ငံရေးကို ကြီးစိုးခဲ့တဲ့ ဘာလူစကိုနီ နှုတ်ထွက်ပေးရ

အီတလီ နိုင်ငံရေး လောကကို ဆယ်စုနှစ် နှစ်ခုနီးပါးကြာ ကြီးစိုး ထားခဲ့တဲ့ ဆီလဗီယို ဘာလူစကိုနီဟာ မနေ့ကတော့ ရာထူးက နှုတ်ထွက် ပေးလိုက်ပါပြီ။

အီတလီ သမ္မတ ဂျော်ဂျီယို နာပိုလီတားနိုက ဘာလူစကိုနီရဲ့ နှုတ်ထွက်စာကို လက်ခံပြီး အရင် အီးယူ ကော်မရှင်နာ မင်းကြီး စီးပွားရေး ကျွမ်းကျင်သူ မာရီယို မွန်တီကို ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ဘာလူ စကိုနီရဲ့ နိုင်ငံရေး သက်တမ်း တလျှောက်မှာ အမျိုးမျိုးသော အခက်အခဲတွေကို သူဟာ အကြိမ်ကြိမ် ကျော်လွှား နိုင်ခဲ့ပေမယ့် ခုတခါက် မှာတော့ ဘာလူစကိုနီ လက်မြှောက် လိုက်ရပါပြီ။

သူနှုတ်ထွက်ရတဲ့ ကိစ္စမှာ အဓိက အကျဆုံး အချက် ကတော့ ယူရိုဇုံ အကြွေး အကျပ် အတည်းဖြစ်ပြီးအကြွေး အကျပ်အတည်းကို သူကိုင်တွယ်ပုံကို လွှတ်တော်မှာ အများစုက သဘော မတူတဲ့ အဆုံးမှာ သူထွက်ရတာ ဖြစ်ပါတယ်။

သမ္မတ နန်းတော်ကို ရာထူးက နှုတ်ထွက်စာ တင်ဖို့ လာတော့ သူ့ကို လမ်းမှာ လူတွေက ဝိုင်းလှောင် ကြပါတယ်။

သူ့ကို လှောင်ဖို့ ရောက်နေတဲ့ လူအုပ်က ကြီးလွန်းလို့ ရဲလည်း မထိန်းနိုင်ဘဲ နောက်ဆုံးမှာ ဘာလူ စကိုနီဟာ သမ္မတ နန်းတော်က အပြန်မှာ လာလမ်း အတိုင်း မပြန် နိုင်ဘဲ နန်းတော် ဘေးပေါက်ကနေ ထွက်သွားရပါတယ်။

အီတလီ နိုင်ငံရေး လောကကို ဆယ်စုနှစ် နှစ်ခု နီးနီး ကြီးစိုးလာသူ တယောက် သိက္ခာ ရှိရှိနဲ့ စင်မြင့်ပေါ်က ဆင်းမသွားနိုင်ရှာဘူးလို့ သတင်းထောက်တွေက မှတ်ချက် ပေးပါတယ်။

ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းမှာ သူဟာ သက်တမ်း အကြာဆုံး အုပ်ချုပ် နိုင်ခဲ့သူ ဖြစ်ပြီး သူ့ဝန်ကြီးချုပ် သက်တမ်း တလျှောက်မှာ အညှီအဟောက် အရှုပ်တော်ပုံ ဇာတ်လမ်းတွေ မနည်း ပေါ်ထွက်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ဘဝနဲ့ ညဘက် ပါတီတွေ၊ ပွတ်သဘင်တွေ မှန်မှန် ပေးသလိုနောက် ပြည့်တန် ဆာတွေနဲ့ ပျော်ပါးတာလည်း တိုင်းသိ ပြည်သိပါ။ အဲဒိထဲမှာ အရွယ် မရောက် သေးတဲ့ ကောင်မလေး ငယ်ငယ်လေးတွေတောင် ပါတယ်လို့ သတင်းစာ တချို့က ရေးပါတယ်။

ဒါပေမယ့် ဒီလို အရှုပ်တော်ပုံတွေကို ကျော်နိုင်ပေမယ့် စောစောက ပြောခဲ့သလိုပဲ ယူရိုဇုံ ဘဏ္ဍာရေး အကျပ်အတည်းတွေ အရှိန်ပြင်းလာရာမှာ ပြီးခဲ့တဲ့ အပတ်က အီတလီ အစိုးရရဲ့ အကြွေးတွေ အတွက် ပေးရတဲ့ အတိုးနှုန်းဟာ နေ့စဉ် ရက်ဆက်တက်လာရာမှာ နောက်ဆုံး ဘာလူစကိုနီ ဆင်းမှ ဖြစ်တော့မယ့် အနေအထားကို ရောက်လာပါတယ်။

ရင်းနှီး မြှတ်နှံသူတွေက သူဟာ အီတလီရဲ့ ဘဏ္ဍာရေး အကျပ်အတည်းကို ရှင်းပေးနိုင်မယ့် လူလို့ မမြင်ကြပါဘူး။

သူ ရာထူးက မထွက်ခင်မှာ အီတလီ အထက် လွှတ်တော်က ခြိုးခြံ ချွေတာရေး အစီအမံ တွေကို အတည်ပြုခဲ့ပြီး မနေ့ညက အောက်လွှတ်တော်မှာ ဒီအစီအမံတွေကိုပဲ မဲခွဲရာမှာ အတည်ပြုတဲ့ဘက်က အပြတ်အသတ်ကို အနိုင်ရပြီး အတည်ပြုနိုင်ခဲ့ပြန်ပါတယ်။

အဲဒိ အစီအစဉ်တွေထဲမှာ ဗီအေတီ ခေါ်တဲ့ တန်ဖိုးပေါ် ထပ်ဆင့် ပေးဆောင်ရတဲ့ အခွန်ကို ၂၁ ရာခိုင်နှုန်းထိ တိုးတယ်၊

နောက် အစိုးရ အမှုထမ်းတွေရဲ့ လစာကို ၂၀၁၄ ထိ တိုးမပေးဘဲ လက်ရှိ အတိုင်းထားဖို့ ဆုံးဖြတ်တယ်၊ အငြင်းအခုံ အဖြစ်ဆုံး အချက်တခုကတော့ အမျိုးသမီးတွေရဲ့ ပင်စင်သက်ကို တဖြည်းဖြည်း မြှင့်ရာမှာ ၂၀၂၆ မှာ ၆၅ နှစ်ထိ သတ်မှတ်ဖို့တွေ ပါဝင်ပါတယ်။

ဘာလူစကိုနီဟာ လူကြိုက်များတဲ့ ဝန်ကြီးချုပ်တော့ မဟုတ်ပါဘူး။

ဒါပေမယ့် ခု လွှတ်တော်က အတည်ပြုလိုက်တဲ့ အစီအမံတွေဟာလည်း ပြည်သူလူထုက သဘောတူတဲ့ အစီအမံတွေ မဟုတ်တဲ့ အတွက် ဒါတွေဟာ ဒီမိုကရေစီနည်းကျ ရထားတဲ့ အစီအမံတွေ ဟုတ်ရဲ့လားဆိုတာလည်း မေးစရာ ဖြစ်နေပါတယ်။