ဆီးရီးယား သမ္မတကို တူရကီ ပြစ်တင် ဝေဖန်

syria
Image caption ဆီးရီးယားမှာ ဆန္ဒပြမှုတွေကို ဖိနှိပ်နေပေမယ့် အရှိန် ကျမသွား

တူရကီ ဝန်ကြီးချုပ် ရက်ချက် တာယစ် အာဒိုဂန်က ဆီးရီးယား သမ္မတ အာဆတ်ကို အပြင်းထန်ဆုံး ပြစ်တင် ရှုံချလိုက်ပါတယ်။

ကိုယ့် အတိုက်အခံတွေကို သတ်ဖြတ်ထောင်ချ တဲ့ နည်းကို သုံးတဲ့ ဘယ်အစိုးရမဆို သက်ဆိုး ရှည်မှာ မဟုတ်ဖူးလို့ တူရကီ ဝန်ကြီးချုပ်က ပြောလိုက်ပြီး ဆီးရီးယား နိုင်ငံရဲ့ အနာဂတ်ကို ဖိနှိပ်ခံရသူတွေရဲ့ သွေးတွေနဲ့ ရင်းပြီးတည် ဆောက်ဖို့ မဖြစ်နိုင်ဖူးလို့ ပြော လိုက်ပါတယ်။

ဆီးရီးယားနဲ့ တူရကီ ပူးတွဲ ရေနံ တူးဖော်ရေး စီမံကိန်းတွေကို ရပ်မယ်လို့လည်း တူရကီ ဝန်ကြီးချုပ်က ကြေညာခဲ့ပါတယ်။

အာရပ် အဖွဲ့ချုပ်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဒီကနေ့ မော်ရိုကို နိုင်ငံမှာ တွေ့ကြဖို့ ရှိပြီး ဆီးရီးယားကို အဖွဲ့ဝင် အဖြစ်က ဆိုင်းငံ့ထားပါတယ်။

ဆီးရီးယားကို နိုင်ငံတကာက ဝိုင်းဝန်း ဒဏ်ခပ် ပိတ်ဆို့ နေတာကို ရုရှက မတားဆီးအောင် မလုပ် နိုင်ခဲ့ဖူးလို့ ဆီးရီးယားက အဓိက အတိုက်အခံ အဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

ရုရှ တာဝန် ရှိသူတွေနဲ့ မော်စကိုမှာ စကား ပြောခဲ့ပေမယ့် မအောင်မြင်ဘူးလို့ သူက ပြောပါတယ်။

နှစ်ဘက် စလုံးက ကိုယ့်ရပ်တည်နေတဲ့ အနေအထားကနေ အလျှော့ မပေးဘူးလို့ သူက ပြောပါတယ်။