ကမ္ဘာတလွှား အရင်းရှင်စနစ် ဆန့်ကျင်ဆန္ဒပြ

occupy wall street ဓာတ်ပုံ မူပိုင် AFP
Image caption ဝေါစထရိ ဆန္ဒပြသူများ

အမေရိကန် နိုင်ငံမှာ ဝေါစထရိ သိမ်း ပိုက်ရေး ကြွေးကြော်သံနဲ့ နယူးယောက် မြို့က အစု ရှယ်ယာစျေး ရှိရာ ရပ်ကွက်မှာ ဆန္ဒ ပြနေသူတွေကို အာဏာပိုင်တွေက အင်အားသုံး နှင်ထုတ်ခဲ့ပြီးနောက် ဆန္ဒ ပြသူတွေက ဝေါစထရိနားက ပန်းခြံမှာ စခန်းချပြီး တခါထပ် ဆန္ဒ ပြဖို့ ကြိုးစား တာကို နယူးယောက်မြို့ တရားသူကြီးက ပယ်ချ ခဲ့ပါတယ်။

ဆန္ဒ ပြသူတွေက ဝေါစထရိမှာ စက်တင်ဘာလထဲက စတည်းချ ဆန္ဒပြနေတာ ဖြစ်ပြီး သူတို့ ကို နှင်မထုတ်ခင် အာဏာပိုင်တွေ အနေနဲ့ တရားရုံးက အမိန့်စာ ယူဖို့သင့်တယ်လို့ ဆန္ဒ ပြသူတွေရဲ့ ရှေ့နေတွေက လျှောက်လှဲပါတယ်။

ဆန္ဒ ပြသူတွေ အနေနဲ့ ပန်းခြံထဲကို ပြန်လာနိုင်ပေမယ့် အဲဒိမှာ စခန်းချခွင့် မရှိဘူးလို့ တရားသူကြီးက အမိန့် ချပါတယ်။

လန်ဒန်မှာလည်း လန်ဒန် အစုရှယ်ယာစျေးရှိရာ ရပ်ကွက် စိန်ပေါ ဘုရှားရှိခိုးကျောင်းကြီး ပတ်ပတ်လည်မှာ အလားတူ ဆန္ဒ ပြနေကြပြီး ဒီဆန္ဒပြသူတွေကို နှင်ထုတ်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ကြိုးစား လုပ်ဆောင်လာပြန်ပါတယ်။

ဆန္ဒ ပြသူတွေနဲ့ စေ့စပ် ညှိနှိုင်းဖို့ ကြိုးစားပေမယ့် အရာ မရောက်ဘူးလို့ သူတို့ကပြောပါ တယ်။

ဆွတ်ဇာလန် နိုင်ငံ ဇူးရစ် မြို့လယ်ခေါင်မှာ စတည်းချပြီး နယူးယောက်က အရင်းရှင် စနစ် ဆန့်ကျင်ရေး ဆန္ဒပြမှုလို တဲထိုးပြီး ဆန္ဒ ပြနေသူတွေရဲ့ စခန်း တခုကို ရဲက ဝင်ရောက် စီးနင်း ခဲ့ပါတယ်။

ဆန္ဒ ပြနေရာက ထွက်သွားဖို့ အမိန့်ကို ငြင်းဆန်တဲ့ တက်ကြွ လှုပ်ရှားသူ သုံးဆယ် လောက်ကို ရဲက ခဏ ဖမ်းဆီးပြီး နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဇူးရစ်မှာ အရင်းရှင် စနစ် ဆန့်ကျင်ရေး ဆန္ဒ ပြမှုတွေဟာ လွန်ခဲ့တဲ့ တလလောက်က စတင်ခဲ့ ပါတယ်။