သြစတြေးလျ က အမေရိကန် တပ် ကိစ္စ တရုတ် တုန့်ပြန်

obama australia ဓာတ်ပုံ မူပိုင် BBC World Service
Image caption အာရှ ပိစိဖိတ် ဒေသမှာ အမေရိကန် ပါဝင်မှု တိုးမြှင့် ဟု အိုဘားမား ပြော

လာမယ့်နှစ်ကျရင် သြစတြေးလျ နိုင်ငံမှာ အမေရိကန် စစ်တပ် က မရိန်း တပ်ဖွဲ့ဝင် ၂၅၀လောက် စေလွှတ်ပြီး တဖြည်းဖြည်း နဲ့ တပ်ဖွဲ့ဝင် ၂၅၀၀ လောက် အထိ တိုးချဲ့ ချထားမှာ ဖြစ်ကြောင်း သြစတြေးလျ ဝန်ကြီးချုပ် Julia Gillard က သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖေါ်ကြေညာ လိုက် ပါတယ်။

အခုလို သြစတြေးလျ နိုင်ငံမှာ အမေရိကန် တပ်ဖွဲ့ဝင်တွေ ချထားဖို့ လုပ်တာဟာ အမေရိကန် တို့ အနေနဲ့ ဒေသတွင်း တရုတ်ရဲ့ လွှမ်းမိုးမှု ကြီးထွား လာတာကို တန်ပြန် တဲ့ အနေနဲ့ လုပ်လိုက်တာလို့ အများက ယူဆ နေကြ ပါတယ်။

ဒီအရေး နဲ့ ပတ်သက်ပြီး တရုတ် အစိုးရ ဘက် က တုန့်ပြန်ရာ မှာ တော့ တရုတ်နိုင်ငံ ရဲ့ ရပ်တည်ချက်က ဖွံ့ဖြိုးတိုးတက်ရေး နဲ့ ပူးပေါင်း ဆောင်ရွက်ရေး ကို ငြိမ်းချမ်းတဲ့ နည်း နဲ့ ဆောင်ရွက်ဖို့ ဖြစ်ပြီး စစ်ရေး မဟာမိတ် တိုးချဲ့ ဆောင်ရွက် တာမျိုး ဟာ သင့်လျော်တဲ့ လုပ်ဆောင်မှုမျိုး ဖြစ်မှာ မဟုတ်ဘူးလို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် က ပြော ပါတယ်။

ကမ္ဘာတဝန်း စီးပွားရေး အကြပ်အတည်း ကြောင့် စိုးရိမ် ပူပန်မှုတွေ ဖြစ်နေကြတဲ့ အခုလို အချိန်မျိုးမှာ အခုလို စစ်ရေး မဟာမိတ် တိုးချဲ့လိုက်တာဟာ ဒေသတွင်း နိုင်ငံ တွေရဲ့ အကျိုးစီးပွား အတွက် ဟုတ်မဟုတ် ဆိုတာကို မေးစရာတောင် မလိုဘူး လို့ လည်း သူက ပြောသွား ပါတယ်။

တရုတ် အစိုးရထုတ် သတင်းစာထဲမှာ တော့ အတော်လေး ပြင်းပြင်းထန်ထန် တိုက်ခိုက် ရေးသားထားပြီး တကယ်လို့ တရုတ် အကျိုးစီးပွား ထိခိုက်လာအောင် သြစတြေးလျ အစိုးရက သူတို့ရဲ့ စစ်စခန်းတွေ ကို အသုံးပြုပြီး အမေရိကန်ကို အကူအညီ ပေးမယ် ဆိုရင် တော့ သြစတြေးလျ နိုင်ငံဟာ ကျွဲနှစ်ကောင်ကြား မှာ မြေစာပင် ဖြစ်မယ့် အခြေအနေ ရှိသွား လိမ့်မယ် လို့ ဆိုပါတယ်။

ဒါပေမယ့် သမ္မတ အိုဘားမား ကတော့ အမေရိကန် အစိုးရဟာ တရုတ်ကို ဘေးဖယ်ထားတာ မဟုတ်ပဲ အာရှ ပိစိဖိတ် ဒေသတခုလုံးမှာ အမေရိကန်ရဲ့ ပါဝင် ပတ်သက် မှု ကို တိုးမြှင့် လုပ်ဖို့ ကြိုးပမ်းမှု သာ ဖြစ်တယ် လို့ ဆိုပါတယ်။