တာဟီရာ ရင်ပြင်မှာ ဆက်လက် ဆန္ဒပြနေကြ

Image caption စစ်ကောင်စီ နှုတ်ထွက်ပေးဖို့ တောင်းဆို ဆန္ဒပြ နေကြ

အီဂျစ်နိုင်ငံမှာ စစ်အုပ်ချုပ်ရေး အဆုံးသတ် ဖို့ အနည်းဆုံး လူတသိန်းလောက်ဟာ ကိုင်ရို မြို့တော် တာဟီရာ ရင်ပြင်မှာ တောင်းဆို ဆန္ဒပြနေကြပါတယ်။

စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟူစိန် တန်တဝီကို ရည်ညွှန်းပြီး ရာထူးကထွက်ပေးဖို့နဲ့ သူတို့ကတော့ ရင်ပြင်ကနေ ထွက်ခွာပေးမှာ မဟုတ်ဘူးလို့ ဆန္ဒပြသူတွေက ဟစ်ကြွေးခဲ့ကြ ပါတယ်။

တာဟီရာ ရင်ပြင်မှာ အနီအဖြူနဲ့ အနက်ရောင်ပါ အီဂျစ်အလံ ရာပေါင်းများစွာကို ချိတ်ဆွဲ ထားပါတယ်။

သူတို့နဲ့အတူ သမ္မတလောင်းအဖြစ် ဝင်အရွေးခံမယ့် နိုဘဲလ်ဆုရှင် မိုဟာမက် အယ်လ် ဘာရာဒေးလည်း ဝင် ဆန္ဒပြခဲ့ပါတယ်။

တခါ ဆွန်နီ အစ္စလာမ် အဖွဲ့ရဲ့ အဆင့်အမြင့်ဆုံး အကြီးအကဲ အယ်လ် အက်ဇ်ဟာ ကလည်း တာဟီရာ ရင်ပြင်မှာ ဆန္ဒပြသူတွေအတွက် တခါမှ မလုပ်စဖူး အားပေးထောက်ခံတဲ့ မိန့်ခွန်း တခု ပေးပို့ခဲ့ပြီး သူတို့ အောင်ပွဲဆင်နိုင်အောင် ဆုတောင်းပေးနေတယ်လို့ မိန့်ခွန်း ထဲမှာ ပြောခဲ့ပါတယ်။

ဘာသာရေးခေါင်းဆောင်အကြီးအကဲ အယ်လ် အက်ဇ်ဟာ ဟာ နိုင်ငံရေးနဲ့ပတ်သက်လို့ ဝေဖန်ပြောဆိုလေ့ ရှိသူ မဟုတ်ပါဘူး။

တခါ အရပ်သား အစိုးရကို အမြန်ဆုံး အာဏာလွှဲပေးဖို့ အမေရိကန် အစိုးရကလည်း တောင်းဆိုလိုက်ပါတယ်။

အခုအခါ အစိုးရသစ်ကို ဝန်ကြီးချုပ်ဟောင်း ကာမဲလ် ဂဲန်ဇူရီ ဦးဆောင်မယ့်အကြောင်း အီဂျစ်အစိုးရ ရုပ်မြင်သံကြားမှာ အတည်ပြု ကြေညာသွားပါတယ်။

ဒါပေမယ့် အသက် ၇၈ နှစ် ရှိနေပြီဖြစ်တဲ့ မစ္စတာ ဂဲန်ဇူရီ ဟာ လူငယ်ဆန္ဒပြသူ အတော် များများကြားမှာ လူကြိုက်များ ထောက်ခံ အားပေးခံရမယ့်ပုံမျိုးမရှိဘူးလို့ သတင်းထောက် တွေက ပြောပါတယ်။