နေတိုးတိုက်ခိုက်မှုကြောင့် ပါကစ္စတန်စစ်သားတွေ သေဆုံး

ဓာတ်ပုံ မူပိုင် Reuters
Image caption အာဖဂန်က နေတိုးတပ်ဖွဲ့အတွက် ထောက်ပံ့ ရေး လမ်းကို ပါကစ္စတန်က ပိတ်လိုက်ပြီ

နေတိုးမဟာမိတ်တပ်ဖွဲ့ရဲ့ ရဟတ်ယာဉ်တွေ ဟာ ပါကစ္စတန် အနောက်မြောက်ဘက်က စစ်ဆေးရေး ဂိတ်တခုကို တိုက်ခိုက်ခဲ့တဲ့ အတွက် အနည်းဆုံး ပါကစ္စတန် စစ်သား ၂၆ ဦး သေဆုံး သွားတယ်လို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။

ပါကစ္စတန်နိုင်ငံက လူမျိုးစုဒေသတခုဖြစ်တဲ့ မိုမာ့ဒ် ဒေသထဲက ဝေးလံခေါင်ဖျားတဲ့ အာဖဂန်နယ်ခြားအနီး နေရာတခုမှာ ရှိတဲ့ ဆာလားလား စစ်ဆေးရေးဂိတ်မှာ အခုလို တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီဂိတ်ဟာ စစ်တပ်ဂိတ်ဖြစ်တယ် ဆိုတာ၊ အမှတ်အသား အသေအချာ လုပ်ထားတာ ဖြစ်ပြီး၊ ဘာမှာ ကြိုတင် သတိပေးခြင်းမရှိဘဲ တမင်သက်သက် ဝင်တိုက်ခံ ရတာ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

အခုလို ဖြစ်ရပ်တွေအတွက် သည်းခံလိမ့်မှာ မဟုတ်ဘူးလို့ ပါကစ္စတန်ဘက်က ပြောကြား လိုက်ပြီး၊ အာဖဂန်မှာ တိုက်ခိုက်နေကြတဲ့ နေတိုးတပ်ဖွဲ့တွေအတွက် အဓိက ထောက်ပံ့ရေး လမ်းကြောင်း နှစ်ခုကို ပိတ်ပစ်လိုက်ပြီလို့ ပါကစ္စတန်နယ်ခြား အရာရှိတွေက ပြောပါတယ်။

ပါကစ္စတန်စစ်သားတွေ ဒီလောက်များများ သေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးကျင်းပဖို့ အတွက် ပါကစ္စတန်ဝန်ကြီးချုပ် ယူဆွန် ရာဇာ ဂီလာနီဟာ သူ့ဇာတိဖြစ်တဲ့ မူလ်တန်မြို့ကို ရောက်ရှိနေရာကနေ ချက်ချင်းခရီးစဉ်ကို ဖျက်သိမ်းပြီး ပြန်လာခဲ့ပါတယ်။

ဒီအရေးပေါ်အစည်းဝေးကို ပါကစ္စတန်စစ်တပ် ထိပ်တန်းခေါင်းဆောင်တွေလည်း တက်ရောက် နေကြပါတယ်။

ISAF နိုင်ငံတကာတပ်ဖွဲ့တွေရဲ့ပြောခွင့်ရသူ ဗိုလ်မှူးချုပ် Carsten Jacobsen က ဒီအဖြစ် အပျက်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။

အခုဖြစ်ရပ်ကြောင့် ပါကစ္စတန်နဲ့ အမေရိကန်အကြား အဆင်မပြေဖြစ်နေတဲ့ ဆက်ဆံရေးကို ပိုမို ဆိုးဝါးလာစေတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။