အီဂျစ်နိုင်ငံမှာ ပါလီမန် ရွေးကောက်ပွဲ ကျင်းပပြီ

ဓာတ်ပုံ မူပိုင် Reuters
Image caption မဲပေးတဲ့လူ များတာကြောင့် မဲဆန္ဒရှင်တွေဟာ တန်းစီ စောင့်နေရပါတယ်

အီဂျစ်နိုင်ငံမှာ သမ္မတမူဘာရက်ကို ရာထူး က ဖြုတ်ချခဲ့ပြီး နောက်ပိုင်း ပထမဦးဆုံး ပါလီမန်ရွေးကောက်ပွဲတွေ ကျင်းပနေရာ မဲဆန္ဒရှင်တွေ မဲပေးနေကြပြီ ဖြစ်ပါတယ်။

ကိုင်ရို၊ အလက်ဇန္ဒီးယား၊ ပေါ့တ်ဆတ်နဲ့ တခြား မြို့ကြီးတွေက မဲရုံတွေမှာ မဲပေးတဲ့ လူတွေများ တာကြောင့် လူတန်းရှည်ကြီး ဖြစ်နေကြပါ တယ်။

ဒါပေမယ့်လည်း မဲရုံ အတော်များများမှာတော့ မဲပြားတွေနဲ့ မင်တွေ ကုန်သွားတာကြောင့် မဲပေးဖို့အတွက် ကြန့်ကြာမှုတွေ ဖြစ်ခဲ့ရပါတယ်။

မဲပေးတာကို စောင့်ကြည့်မယ့် ရွေးကောက်ပွဲ ကြီးကြပ်သူတချို့ဟာလည်း မဲရုံတွေ ဘယ်မှာ ရှိတယ် ဆိုတာကို ရှာမရဖြစ်နေတဲ့ အတွက် ပိုမိုကြံကြာမှုတွေ ဖြစ်ခဲ့တယ်လို့လည်း အရာရှိ တွေက ပြောပါတယ်။

အလက်ဇန္ဒီးယား မြို့မှာတော့ မဲပေးပွဲ အတွင်း စည်းရုံးမှုတွေ မလုပ်ရဘူးလို့ တားမြစ်ထား တာကို ချိုးဖောက်ပြီး မဲရုံတွေ အပြင်ဘက်မှာ စာရွက်ဝေတာတွေ ရှိတယ်လို့ သိရပါတယ်။

မဲပေးနေမှု အခြေအနေကတော့ အဆင်ပြေ ချောမွေ့တယ်လို့ စစ်ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

စစ်ကောင်စီက အစီအစဉ်အတိုင်း ဆက်လုပ်

တာဟီရာရင်ပြင်နဲ့ တဝိုက်မှာ ကန့်ကွက်ဆန္ဒပြမှု တချို့ရှိနေတဲ့ကြားကပဲ စစ်ကောင်စီက သူတို့စီစဉ်ထားတဲ့ အတိုင်းရွေးကောက်ပွဲကို ဆက်လုပ်ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် reuters
Image caption ဆန္ဒပြမှုတွေ ရှိပေမယ့် ရွေးကောက်ပွဲကို ဆက်လုပ် မယ်လို့ မနေ့က ပြောခဲ့ပါတယ်

အီဂျစ် နိုင်ငံ ကိုင်ရိုမြို့က လမ်းမတွေ ပေါ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဆန္ဒပြသူတွေနဲ့ ရဲတွေရဲ့ အဓိကရုဏ်းတွေအတွင်း လူတွေ သေကျေ ဒဏ်ရာ ရခဲ့ မှုတွေ ရှိနေတာကြောင့် အခုလို အီဂျစ်စစ်ကောင်စီက ရွေးကောက်ပွဲကို သူတို့ စီစဉ်ထားတဲ့အတိုင်း မဖြစ်မနေ လုပ်ဖို့ ဆုံးဖြတ်ခဲ့တာဟာ အလောင်းအစားတခုကို လုပ်ခဲ့ သလိုပါပဲ။

ကိုင်ရိုမြို့မှာ စောစောပိုင်း မဲလာပေးသူတွေရဲ့ အခြေအနေကို ကြည့်ပြီး ခန့်မှန်းရမယ်ဆိုရင် အခုတော့ သူတို့ အလောင်းအစား လုပ်ခဲ့တာ အမြတ်ထွက်မယ့် ပုံပါပဲ။

လူတွေဟာ မဲရုံတွေ မဖွင့်ခင်ကတည်းက ၂ နာရီလောက် ကြိုရောက်ပြီး တန်းအရှည်ကြီး စနစ်တကျ စီနေကြတာကို ကြည့်ရင် အာဏာရှင် အစိုးရအောက်မှာ ဆယ်စုနှစ်ပေါင်း များစွာ နေလာရပြီးတဲ့နောက် ဒီမိုကရေစီရဲ့ အနှစ်ရသာကို ခံစားလိုကြတယ်ဆိုတဲ့ သဘောကို ပြနေပါတယ်။

မဲရုံတရုံမှာဆိုရင် လူတွေတန်းစီနေတာ မိုင်ဝက်လောက်အထိ ရှည်တယ်လို့ ဆိုပါတယ်။

ပါလီမန်သစ်မှာ အင်အားကောင်းနိုင်တာက အလယ်အလတ်သဘော ရှိသူတဲ့ Muslim Brotherhood ဦးဆောင်တဲ့ အစ္စလာမ်မစ်ပါတီတွေနဲ့ မူဘာရက်ရဲ့ ပါတီဟောင်းကို ပြင်ဆင် ပြောင်းလဲတဲ့ ပါတီတချို့ ဖြစ်ပါတယ်။

ရွေးကောက်ပွဲပုံစံက ရှုပ်ထွေးတာကြောင့် မတ်လ ရောက်မှ ရွေးကောက်ပွဲ ရလဒ်ကို သိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုရွေးကောက်ပွဲဟာ အာရပ် နွေဦးကာလ ဆန္ဒပြမှုတွေရဲ့ ရလဒ် အဖြစ် ပြည်သူတွေက မြင်ကြပါတယ်လို့ ဘီဘီစီ သတင်းထောက် ကဲဗင်ကိုနိုလီက သုံးသပ်ထားပါတယ်။