ဆိုမာလီသူပုန်အဖွဲ့က နိုင်ငံတကာအဖွဲ့တွေကို မောင်းထုတ်

Image caption အေဂျင်စီ ၁၄ ခုကို သူတို့ နယ်မြေထဲက ထွက်ခွာ သွားကြဖို့ အမိန့်ပေးလိုက်ပြီ

ဆိုမာလီ အစ္စလာမ် သူပုန်အုပ်စု ဖြစ်တဲ့ အဲလ်ရှာဘတ်အဖွဲ့က သူတို့ ထိန်းချုပ်ထား ရာ နယ်မြေတွေမှာ နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့တွေက ခရစ်ယာန် ဘာသာ ပြန့်ပွားအောင် လုပ်ဆောင်နေကြတယ်လို့ စွပ်စွဲ ပြောကြားလိုက်ပြီး၊ အကူအညီ ပေးရေး အေဂျင်စီ ၁၄ ခုကို သူတို့ နယ်မြေ ထဲက ထွက်ခွာသွားကြဖို့ အမိန့်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ထွက်ခွာသွားရမယ့် အဖွဲ့တွေထဲမှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ UNICEF တို့လို ကုလသမဂ္ဂ အဓိက အဖွဲ့အစည်းတွေ ပါဝင် ကြပါတယ်။

သူပုန်တွေဟာ ဘိုင်ဒါးမြို့မှာရှိတဲ့ WHO နဲ့ UNICEF အဖွဲ့နှစ်ခုစလုံးရဲ့ ရုံးတွေကို ထိန်းချုပ်ထားလိုက်ပြီ ဖြစ်ပါတယ်။

အဲလ်ရှာဘတ် သူပုန် အဖွဲ့ဟာ နိုင်ငံခြားက အကူအညီပေးရေး အဖွဲ့တွေကို အစောပိုင်း ပိတ်ပင်ထားရာကနေ ဇူလိုင်လကမှ ဝင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂကတော့ အကူအညီပေးရေး အေဂျင်စီတွေရဲ့ ကြားဝင်ဆောင်ရွက်မှုကြောင့် ဆိုမာလီနိုင်ငံက လူမှုအခြေအနေတွေဟာ တိုးတက်ကောင်းမွန်လာတယ်လို့ ဒီလ စောစောပိုင်းက ပြောကြားခဲ့ပါတယ်။