အင်းစိန်ထောင်က အစာငတ်ခံခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတချို့ ဆေးကုသခွင့်မရ

ဓာတ်ပုံ မူပိုင် AFP
Image caption နာမည်ကြီး အင်းစိန်ထောင်

အင်းစိန်ထောင်တွင်းမှာ စက်တင်ဘာ ၂၆ ရက်နေ့က လျော့ရက်ခံစားခွင့်နဲ့ အကျဉ်းသား အခွင့်အရေး အတွက် ၂ပတ်ကြာ အစာငတ်ခံဆန္ဒပြခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဆေးကုသခွင့် မပေးသေးတဲ့အပြင် တချို့ကို ခုချိန်ထိထောင်၀င်စာ တွေ့ခွင့်မပေးသေးဘူးလို့ သိရပါတယ်။

အင်းစိန်ထောင်တွင်းက နိုင်ငံရေးအကျဉ်းသား ကိုဉာဏ်ထွန်းလင်း ကိုညီညီထွန်း၊ ကိုစိုးမိုးထွန်း၊ ကိုကောင်းမြတ်လှိုင်၊ ကိုသော်ဇင်သန့် တို့ဟာ အစာငတ်ခံ ဆန္ဒပြခဲ့တာကြောင့် စစ်ခွေးတိုက်ပို့ခံခဲ့ရပြီးတဲ့နောက် အခုသီးသန့်ဆောင်မှာ ရောက်သူရောက် တခြားသာမန်အကျဉ်းသားတွေနဲ့ ရောထားခံရသူခံရနဲ့ အဆင်မပြေဖြစ်နေတယ်လို့သိရပါတယ်။

အစာငတ်ခံဆန္ဒပြတဲ့ထဲက တခြားသူတွေထောင်၀င်စာတွေ့ခွင့်ရပေမယ့် ကိုဉာဏ်ထွန်းလင်းကိုတော့ ထောင်၀င်စာပိတ်ထားဆဲဖြစ်တယ်ပါတယ်။

မနေ့က ထောင်၀င်စာတွေ့ခွင့်ရတဲ့ မိသားစု၀င်တယောက်အပြောအရတော့ ကန္တာရ၀တီတိုင်းမ် သတင်းစာရဲ့ အယ်ဒီတာ ကိုညီညီထွန်းက ခါးနာရောဂါခံစားနေရတာအပြင် အစာအိမ်ရောဂါခံစားနေရတာကို အပြင်ထွက်ဆေးကုသခွင့်မရသေးဘူးလို့ပြောပါတယ်။

ကိုကောင်းမြတ်လှိုင်ကတော့ ခြေထောက်တွေ ဖောယောင်ပြီး အစာအိမ်ရောဂါပြင်းထန်လာရင် သတိလစ်လောက်အောင်ထိ ဖြစ်လို့မိသားစုက စိုးရိမ်နေပါတယ်။

အကျဉ်းသားတွေ ထောင်တွင်းမှာ ဒီလိုခံစားနေရတာတွေကို နိုင်ငံတော်သမ္မတကြီးနဲ့ အိုင်စီအာစီအပါအ၀င် နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့တွေကို အကြောင်းကြားထားတယ်လို့ နိင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်အဖွဲ့က ပြောပါတယ် ။

အကောင်းဆုံးကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကာလနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး ကာလမှာ သူတို့ရဲ့ လှုပ်ရှားရုန်းကန်မှုတွေကို တိုင်းပြည်မှာ ပါ၀င်ခွင့်ပြုဖို့အတွက် ချွင်းချက်မရှိ လွှတ်ပေးခြင်းသည်သာ ပြည်သူလူထုလည်း ကြိုက်၊ အစိုးရလည်း ကောင်း၊ နိုင်ငံတကာကလည်း လက်ခံနိုင်မယ့် ကိစ္စမျိုး ဖြစ်မယ်လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီက ကောက်ယူထားတဲ့စာရင်းအရ လက်ရှိအကျဉ်းထောင်အသီးသီးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၅၉၁ ယောက်စာရင်း ကောက်ယူရရှိထားတယ်လို့ပြောပြီး ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်သား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ အေအေပီပီဘီအဆိုအရတော့ နိုင်ငံရေးအကျဉ်းသား တထောင်ကျော်ရှိနေပါတယ်။