အာဖဂန်အနာဂတ်ဆိုင်ရာ ညီလာခံ ကျင်းပ

ဓာတ်ပုံ မူပိုင် AFP
Image caption ၁၀ နှစ်အတွင်း အာဖဂန်မှာ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ သူကပြောပါတယ်

နေတိုးဦးဆောင်တဲ့ နိုင်ငံတကာတပ်ဖွဲ့တွေ ၂၀၁၄ ခုနှစ်ကျရင် အာဖဂန်နစ္စတန်ကနေ ပြန်ရုပ်ပြီးတဲ့ နောက်ပိုင်း၊ အာဖဂန် အနာဂတ် တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတကာ ကနေ ဆက်လက် ထောက်ပံ့ ကူညီပေးဖို့ အလွန်တရာမှ အရေးကြီး တယ်လို့ အာဖဂန် သမ္မတ ဟားမစ်ခါဇိုင်းက ပြောကြားလိုက် ပါတယ်။

ဂျာမဏီနိုင်ငံ ဘွန်းမြို့မှာကျင်းပနေတဲ့ အာဖဂန် အနာဂတ်ဆိုင်ရာ သမိုင်းဝင် ညီလာခံ ကြီးမှာ မစ္စတာ ခါဇိုင်းက အခုလိုပြောကြားလိုက်တာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၁၀ နှစ်ကစလို့ အာဖဂန်မှာ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

ဒါပေမယ့်လည်း ဒေသတွင်းမှာ စစ်သွေးကြွတွေ အေးအေးဆေးဆေး ပုန်းအောင်းနေတာကို တော့ မရှင်းနိုင်သေးဘူးလို့ မစ္စတာ ခါဇိုင်းက အလေးအနက် ပြောကြားပါတယ်။

ဒီညီလာခံအတွက် အဓိကကျတဲ့ ပါကစ္စတန်နိုင်ငံကတော့ ညီလာခံကို သပိတ်မှောက်ထား ပါတယ်။

အကြောင်းကတော့ ပြီးခဲ့တဲ့ လက နေတိုးတပ်ဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပါကစ္စတန်စစ်သား ၂၄ ဦး သေဆုံးခဲ့ရတာကြောင့် ဖြစ်ပါတယ်။