အာဖဂန်က ရှီယား ဘုရားဖူးတွေ ဗုံးခွဲတိုက်ခိုက်ခံရ

ဓာတ်ပုံ မူပိုင် AFP
Image caption ဘုရားဖူးတွေ တိုက်ခိုက်ခံရပြီး ကာဘူးမြို့ မြင်ကွင်း

အာဖဂန် နစ္စတန် နိုင်ငံက ကာဘူး မြို့တော်မှာ ရှီးယား မွတ်ဆလင်တွေရဲ့ တနှစ်တာအတွင်း အထွတ်အမြတ် အထားဆုံး ဘာသာရေး ပွဲတော် ကျင်းပရာ နေ့မှာ အသေခံ ဗုံးခွဲသမားရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ဘုရားဖူး ၅၈ယောက် သေဆုံးပြီး အယောက် ၁၆ဝ ဒဏ်ရာရ သွားပါတယ်။

မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ ကလေးတွေ အပါအဝင် အလောင်းတွေဟာ လမ်းဘေးတလျှောက်မှာ ပြန့်ကြဲနေပြီး သေဆုံး ဒဏ်ရာရသူတွေကို ကုန်တင်ကားတွေ ပေါ်မှာ အတုန်းအရုံး တွေ့ရတယ်လို့ ပြောပါတယ်။

ဒါဟာ သုံးနှစ် အတွင်း ကာဘူးမြို့မှာ အသေအပျောက် အများဆုံး အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် သမ္မတ ဟာမစ်ခါဇိုင်းလည်း ဗြိတိန်ကို သွားမယ့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

အာဖဂန် အစိုးရကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တာလီဘန်တွေကို အပြစ် ပုံချခဲ့ ပေမယ့် တာလီဘန်တွေက သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းဆို ထားပါတယ်။

ပါကစ္စတန်က ဆွန်နီ အကြမ်းဖက် အဖွဲ့ဝင် တယောက် ဖြစ်တယ်လို့ သူ့ကိုယ်သူ ပြောဆို နေတဲ့ လူတယောက်က ဘီဘီစီကို ဆက်သွယ်လာပြီး သူတို့လက်ချက် ဖြစ်တယ်လို့ ပြောပါတယ်။