ပြည်သူတွေကိုမသတ်ကြောင်း ဆီးရီးယားသမ္မတပြော

ဓာတ်ပုံ မူပိုင် AFP
Image caption ကျွန်တော်တို့ဟာ ပြည်သူတွေကို မသတ်ပါဘူး ( သမ္မတ အာဆတ်)

ဆီးရီးယားသမ္မတ ဘာရှားအဲလ်အာဆတ်က သူ့အနေနဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ တွေကို ရက်ရက်စက်စက် ဖြိုခွဲ သတ်ဖြတ် တာတွေလုပ်ဖို့ စစ်တပ်ကို အမိန့်ပေးခဲ့တယ် ဆိုတာ မဟုတ်ကြောင်း ငြင်းဆိုလိုက် ပါတယ်။

ရူးနေတဲ့ လူမှသာ ကိုယ့်ပြည်သူတွေကို၊ ကိုယ်ပြန်သတ်မှာ ဖြစ်ကြောင်းနဲ့ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်အစိုးရကမှ သူရဲ့ လူထုကို သတ်မှာ မဟုတ်ပါဘူးလို့ အမေရိကန် ABC သတင်း အေဂျင်စီနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မစ္စတာ အာဆတ်က ပြောကြားသွားတာ ဖြစ်ပါတယ်။

သူ့အနေနဲ့ တိုင်းပြည်နဲ့ စစ်တပ်ကို ပိုင်ဆိုင်တာ မဟုတ်ကြောင်းနဲ့ ဆီးရီးယားပြည်သူတွေကို ကာကွယ်ဖို့အတွက် အကောင်းဆုံး လုပ်ခဲ့တာ ဖြစ်ကြောင်း သူက ပြောပါတယ်။

အကြမ်းဖက်မှုတွေ ဖြစ်ပွားရတာနဲ့ ပတ်သက်ပြီး သူ့မှာ အပြစ်ရှိတယ်လို့ မခံစားရကြောင်းနဲ့ ဒါပေမယ့်လည်း သေဆုံးသွားခဲ့ရသူတွေ အတွက် စိတ်မကောင်း ဖြစ်ရကြောင်း သူက ပြောပါတယ်။

ဆီးရီးယားအာဏာပိုင်တွေဟာ လူသားတွေအပေါ် လူမဆန်စွာ ညှင်းပန်း သတ်ဖြတ်တဲ့ ရာဇဝတ်မှု ကျူးလွန်နေတယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာကိုလည်း မစ္စတာ အာဆတ်က ဂရုမစိုက်ဘဲ ၊ ကုလသမဂ္ဂဟာ အများယုံကြည်နိုင်တဲ့ အဖွဲ့အစည်း မဟုတ်ဘူးလို့ ပြောကြား ပါတယ်။