တရုတ်လှေကို ဝင်ဖမ်းတဲ့ တောင်ကိုရီးယား အရာရှိ အသတ်ခံရ

Chinese captain taken away by S Korean officers ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ်သင်္ဘော ကပ္ပတိန်ကို ဖမ်းခေါ်လာ

တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့က အရာရှိနှစ်ဦးဟာ ကိုရီးယားရေပိုင်နက်ထဲ တရားမဝင်ငါးဝင်ဖမ်းတဲ့ တရုတ် လှေတစီးပေါ် တက်စစ်ဆေးနေတုန်းမှာ အဲဒီ ငါးဖမ်းလှေရဲ့ ကပ္ပတိန်က မှန်ကွဲစတွေနဲ့ ထိုးလို့ တယောက်သေဆုံးပြီး တယောက်ကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပါတယ်။

ဒဏ်ရာရတဲ့ အရာရှိကို အခု အင်ချွန်က ဆေးရုံကို ပို့ပြီး ကုသပေးနေပါတယ်။

တရုတ်လှေဟာ တောင်ကိုရီးယား အနောက်ဖက်ကမ်းရိုးတန်းအလွန်က အထူးစီးပွားရေးဇုံ ရေပိုင်နက်ထဲ ဝင်ခဲ့တာလို့ ဆိုပါတယ်။

တရုတ် ငါးဖမ်းလှေနဲ့ ကပ္ပတိန်အပါအဝင် ငါးဖမ်းသမား ကိုးယောက်ကို ထိန်းသိမ်းထားတယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေးဌာနကလည်း တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေးဌာနပြောခွင့်ရှိသူကတော့ ဒီကိစ္စရဲ့ အချက်အလက်တွေ ရှင်းရှင်းလင်းလင်း သိရအောင် စုံစမ်းနေပြီး တောင်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်၊ တရုတ် ငါးဖမ်းသမားတွေကိုလဲ ပိုပြီး ပညာပေးတာတွေ လုပ်သွားမယ်လို့ လို့ ပြောပါတယ်။

တောင်ကိုရီးယားရဲ့ ရေပိုင်နက်ထဲကို နှစ်စဉ် ရာနဲ့ချီတဲ့ တရုတ်လှေတွေ ဝင်ပြီး ငါးခိုးဖမ်းတတ်တယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။