သေနတ်သမား လက်ချက် လူ၅ယောက်သေ ရာချီ ဒဏ်ရာရ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ မြင်ကွင်း

ဘယ်လဂျီယံ နိုင်ငံ လီရက်ရှ်မြို့မှာ လူတွေ ရှုတ်ထွေးတဲ့ ခရစ်မတ် စျေးရောင်းပွဲ နေရာမှာ အဆောက်အဦစွန် ခေါင်မိုးပေါ် ကနေ သေနတ်သမား တယောက်ရဲ့ပစ်ခတ်မှုကြောင့် လူငါးယောက် သေဆုံးခဲ့သလို သေနတ်သမားလည်း သူ့ကိုယ် သူ သတ်သေသွားပါတယ်။

ဒါ့အပြင် လူ ၁၂ဝလည်း ဒဏ်ရာ ရသွားပြီး သူတို့ထဲက တချို့ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

သေနတ်သမားရဲ့ အမည်က Nordine Amrani ဖြစ်ပြီး လီရက်ရှ်မြို့မှာ နေထိုင်သူ တယောက် ဖြစ်တယ်လို့ ရဲက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

သူကို အရင်ကတည်း လက်နက်မှု မူးယစ်ဆေးဝါးမှုတွေနဲ့ ပတ်သက်လို့ ရဲက သိနေခဲ့တာ ဖြစ်ပြီး ဒီပစ်ခတ်မှု ဖြစ်ချိန်မှာ ရဲက သူ့ကို ခေါ်မေးတော့မယ် ဆဲဆဲ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Elio di Rupo က ဒီပစ်ခတ်မှု ဖြစ်ပွားတဲ့ နေရာကို သွားရောက်ခဲ့ပြီး တုန်လှုပ်ဖွယ် ဒီအဖြစ်ဆိုး အပေါ် ဘာပြောရမှန်းတောင် မသိတော့ဘူးလို့ ဆိုပါတယ်။