အမေရိကန် အီရတ် စစ်ပွဲ ရပ်ဆိုင်းပြီ

US troops Iraq
Image caption ၉နှစ် အကြာ မှာ အီရတ် ကနေ အမေရိကန် တပ်တွေ ထွက်ခွာ

အမေရိကန်စစ်တပ်တွေ ကိုးနှစ်ကြာ တပ်စွဲထားတဲ့ အီရတ်ကနေ တရားဝင် ရုပ်သိမ်း လိုက်တဲ့ အခမ်းအနား ကို ကြာသပတေးနေ့ က ဘက္ကဒက်မြို့ မှာ ပြုလုပ် ခဲ့ပါတယ်။

အမေရိကန် စစ်တပ်ရဲ့ အလံကိုလည်း ဖြုတ်ချ သိမ်းဆည်း လိုက်ပါတယ်။

ဒီအခမ်းအနားကို တက်ရောက်လာတဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး လီယွန် ပန်နက်တာက အမေရိကန် စစ်သားတွေရဲ့ စွန့်လွှတ် အနစ်နာခံမှု တွေကို ဘယ်လို စကားလုံး နဲ့မှ ဂုဏ်ပြု ပြောကြားဖို့ မလုံလောက်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။

သူက ရှေ့ခရီးအတွက် ပြင်ဆင်ရချိန်မှာ စစ်ပွဲရဲ့ သင်ခန်းစာတွေကိုလည်း မေ့လို့ရမှာ မဟုတ်ပါဘူး၊ အီရတ် စစ်မြေပြင်မှာ အမှုထမ်းခဲ့တဲ့ အမေရိကန် စစ်သား စစ်သမီး တသန်းကျော် နဲ့ သူတို့ မိသားစုတွေ ရဲ့ စွန့်လွှတ် စွန့်စားမှုတွေ ကိုလည်း ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူးလို့ ပြော ပါတယ်။

မစ္စတာ ပန်နက်တာက အီရတ် ရော အမေရိကန်ဖက်မှာပါ ပေးဆပ်ရတဲ့ တန်ဖိုးက ကြီးကြီး မားမား ရှိပါတယ်၊ ဒါပေမဲ့ လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်တဲ့ အီရတ်ကို မွေးဖွား ပေးနိုင်ခဲ့ပါတယ်လို့ လည်း ပြောပါတယ်။

အီရတ်မှာ ကျန်နေသေးတဲ့ အမေရိကန် စစ်သား ၄၀၀၀ လည်း ရက်ပိုင်းအတွင်းမှာ ထွက်ခွာ ကြမှာ ဖြစ်ပါတယ်။

စစ်ဖက် လေ့ကျင့်ရေး သင်တန်းဆရာ တချို့ နဲ့ အရပ်ဖက် ကန်ထရိုက်တာ တချို့ လောက်ပဲ အီရတ်မှာ ကျန်ခဲ့မှာ ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်က အီရတ်ကို ဝင်တိုက်ခဲ့ချိန် က စလို့ အမေရိကန် စစ်သား ၄၅၀၀ ကျော် နဲ့ အီရတ် စစ်သားနဲ့ အရပ်သား သောင်းချီပြီး သေဆုံး ခဲ့ကြပါတယ်။