ချက်သမ္မတဟောင်း Vaclav Havel ကွယ်လွန်ပြီ

ဓာတ်ပုံ မူပိုင် Reuters
Image caption ကတ္တီပါ တော်လှန်ရေးကြီးကို ဦးဆောင်ခဲ့သူ Vaclav Havel

ချက်ကိုစလိုဗက်ကီးယားနိုင်ငံ မှာ ကတ္တီပါ လူထု တော်လှန်ရေး ကို ဦးဆောင် ခဲ့သူ လည်း ဖြစ်၊ ချက်သမ္မတနိုင်ငံ ရဲ့ ပထမ ဦးဆုံး သမ္မတ လည်းဖြစ်တဲ့ Vaclav Havel ဗားစ်လာ့ဗ် ဟာဗဲလ် ဟာ အသက် ၇၅ နှစ် အရွယ်မှာ ကွယ်လွန် သွားပြီ ဖြစ်ပါတယ်။

ပြဇာတ်ရေးဆရာလည်း ဖြစ်ခဲ့ဖူးသူ မစ္စတာ ဗားစ်လာ့ဗ် ဟာဗဲလ် ဟာ နာတာရှည် လူကြီး ရောဂါ ခံစားနေရပြီး တနင်္ဂနွေနေ့ မနက်မှာ ဆုံးပါးသွားခဲ့တာလို့ သူ့ရဲ့ အတွင်းရေးမှူး က ပြောပါတယ်။

သူ့ရဲ့နောက်ဆုံးအချိန်မှာ ဇနီးဖြစ်သူ ဒက်မာရာနဲ့ သီလရှင်အတော်များများ သူ့အနားမှာ ရှိနေခဲ့ပြီး၊ ငြိမ်းငြိမ်းချမ်းချမ်းရှိ ခဲ့တယ်လို့ သိရပါတယ်။

သူ့ဘဝအကြောင်း တစေ့တစောင်း

ဗားစ်လာ့ဗ် ဟာဗဲလ်ကို ၁၉၃၆ ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး ငယ်စဉ်က ချမ်းသာ ကြွယ်ဝတဲ့ မိသားစုတွင်းမှာ လိုလေသေးမရှိ နေထိုင်ခဲ့ရပါတယ်။

ဒါပေမယ့် ကွန်မြူနစ်တွေ အာဏာရလာချိန်မှာတော့ သူ့မိသားစု ချွတ်ခြုံကျအောင် ဆင်းရဲ သွား ခဲ့ရပါတယ်။

ကွန်မြူနစ် အစိုးရသစ်က ဗားစ်လာ့ဗ် ဟာဗဲလ်ကို ဓနရှင်လူတန်းစား အဖြစ်သတ်မှတ်ပြီး အထက်တန်းအဆင့် ပညာသင်ခွင့် ပိတ်ပင်ခဲ့ပေမယ့် ဗားစ်လာ့ဗ် ဟာဗဲလ်ဟာ နေ့ဘက်မှာ ဓါတ်ခွဲခန်း အကူ အဖြစ် အလုပ်လုပ်ပြီး ညကျောင်းတက်ကာ ပညာ ဆည်းပူးခဲ့ပါတယ်။

၁၉၆၈ ခုနှစ် Alexander Dubcek ဦးဆောင်တဲ့ တော်လှန်မှုတွေ ဖြစ်ခဲ့ပြီး ပြုပြင် ပြောင်းလဲရေး လမ်းစနဲ့ ချက်ကိုစလိုဗက်ကီးယားနိုင်ငံ ကွန်မြူနစ် စနစ် က လွတ်မြောက် ရေး မျှော်လင့်ချက်တွေ ပထမဆုံးအကြိမ် ပေါ်လာချိန်မှာတော့ မစ္စတာ ဟာဗဲလ်ဟာ အောင်မြင် ကျော်ကြားတဲ့ ပြဇာတ်ရေး ဆရာ တဦး ဖြစ်နေပါပြီ။

သူရေးတဲ့ ပြဇာတ်တွေထဲမှာ ကွန်မြူနစ်အစိုးရကို ဗြောင် ဝေဖန် သရော်တာတွေ လုပ်ခဲ့တဲ့ အတွက် သူ ကမ္ဘာကျော် သွားခဲ့ ပါတယ်။

မစ္စတာ ဟာဗဲလ်က သူဟာ နိုင်ငံရေး စာရေးဆရာတဦး မဖြစ်ချင် ခဲ့ကြောင်းပြောခဲ့ပါတယ်။ နိုင်ငံရေး နဲ့ မပတ်သက်ချင်ပေမယ့် လည်း အနုပညာကောင်း ဆိုတာ နိုင်ငံရေး နဲ့ အမြဲ ဆက်နွယ်နေတယ် လို့ သူ့အနေနဲ့ ယူဆကြောင်း ပြောပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ မစ္စတာ ဟာဗဲလ် ဟာ လူ့အခွင့်အရေး ကြေညာစာတမ်း Charter 77 လှုပ်ရှားမှုမှာ ပါဝင် ကူညီခဲ့ပြီး ချက်ကိုစလိုဗက်ကီးယား မှာ အကျော်ကြားဆုံး အတိုက်အခံ တဦး ဖြစ်လာခဲ့ပါတယ်။

အဲဒီ့နောက် အစိုးရကို ဆန့်ကျင်မှု စွဲချက်နဲ့ ထောင်ဒဏ်ကျ ခံခဲ့ရပြီး ထောင်က လွတ်လာချိန် မှာလည်း ထောက်လှမ်းရေးတွေရဲ့ မပြတ် စောင့်ကြည့်တာကို ခံခဲ့ရ ပါတယ်။

၁၉၈၉ ခုနှစ်အကုန်လောက်မှာတော့ ကတ္တီပါ တော်လှန်ရေးလို့ ခေါ်တဲ့ ၁၈ရက်ကြာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကြီးကို မစ္စတာ ဟာဗဲလ် ဦးဆောင် ခဲ့ပြီး ကွန်မြူနစ် အစိုးရကို ဖြုတ်ချ နိုင်ခဲ့ပါတယ်။

အဲဒီနောက် မစ္စတာ ဟာဗဲလ် ချက်ကိုစလိုဗက်ကီးယား သမ္မတ အဖြစ် ခန့်အပ်ခံရပါတယ်။

ဒါပေမယ့် ဆလိုဗက်ကီးယား အမျိုးသားရေးဝါဒီတွေ ကိုယ်ပိုင် လွတ်လပ်ရေး တောင်းဆို ခဲ့ရာကနေ နိုင်ငံ နှစ်ခြမ်း ကွဲသွားခဲ့ပြီး မစ္စတာ ဟာဗဲလ်ကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆို ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

သူရာထူးက ဆင်းပေးခဲ့အပြီး ၁၉၉၃ ခုနှစ်မှာ ချက်သမ္မတနိုင်ငံသစ်ရဲ့ ခေါင်းဆောင် အဖြစ် ပြန်အရွေးခံ ခဲ့ရပါတယ်။

ဒုတိယ သမ္မတ သက်တမ်း အကုန် ၂၀၀၃ ခုနှစ်မှာတော့ သမ္မတအဖြစ် ဆက်အရွေးမခံတော့ပဲ ကမ္ဘာတဝှမ်းက လူ့အခွင့်အရေး လှုပ်ရှားမှုတွေမှာ ပါဝင် ကူညီ ဆောင်ရွက် ခဲ့ပါတယ်။

မစ္စတာ ဟာဗဲလ်ဟာ မြန်မာနိုင်ငံအရေးမှာလည်း အထူးကူညီ ဆောင်ရွက်ခဲ့သူ တဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရေးအဆိုကို ထောက်ခံခဲ့သူ ဖြစ်ပါတယ်။