ဆီးရီးယားနိုင်ငံ မြို့တော်မှာ ဗုံးပေါက်ကွဲ

ဓာတ်ပုံ မူပိုင် Reuters
Image caption ကနဦး စုံစမ်းချက်တွေအရ အဲလ်ခိုင်းဒါးအဖွဲ့ နဲ့ ပတ်သက်မှုရှိတယ်လို့ ဆီးရီးယားရုပ်သံကပြော

ဆီးရီးယားနိုင်ငံ မြို့တော် ဒမားစကက်က လုံခြုံရေးဌာနတွေကို ရည်ရွယ်ပြီး အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ၂ ခု ဖြစ်ပွားခဲ့ တာကြောင့် လူပေါင်း ၃၀ ကျော် သေဆုံးသွားတယ်လို့ ဆီးရီးယား အရာရှိတွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် နိုင်ငံတော်လုံခြုံရေး ဌာနချုပ် က အပျက်အဆီးတွေကို ကယ်ဆယ်ရေးအဖွဲ့ တွေက ပိုက်စိပ်တိုက်ရှာဖွေ ရှင်းလင်းနေတာကို ဆီးရီးယား ရုပ်သံကနေ ပြသသွားပါတယ်။

အနီးအနားမှာ ရှိတဲ့ အဆောက်အဦးတခုလည်း ထိခိုက်မှုရှိတာကို တွေ့ရပြီး၊ ကနဦး စုံစမ်းချက်တွေ အရ ဒါဟာ အဲလ်ခိုင်းဒါးအဖွဲ့ ပါဝင် ပက်သက်မှုရှိတယ်လို့ ဆီးရီးယား ရုပ်သံက ကြောညာပါတယ်။

ဒါပေမယ်လို့ အဲဒီဒေသတွင်း ဘီဘီစီသတင်းထောက် ပြောတာကတော့ ဒီဖေါက်ခွဲမှုကို အစိုးရက စီစဉ်တာဆိုပြီး အစိုးရဆန့်ကျင်သူတွေက သံသယ ရှိလာလိမ့်မယ်လို့ ဆိုပါတယ်။

အာရပ်နိုင်ငံများအဖွဲ့ချုပ်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို စောင့်ကြည့်ဖို့ အဖွဲ့ချုပ် ကိုယ်စားလှယ် အဖွဲ့ ဆီးရီးယားကို ဆိုက်ရောက်ပြီး နောက်တနေ့မှာ အခုလို ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေဟာ ၉ လ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး၊ နိုင်ငံတလွှား သေဆုံးမှုတွေ အများအပြား ရှိခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ခန့်မှန်းခြေ စာရင်းအရ အကြမ်းဖက်မှုတွေကြောင့် ဆီးရီးယားမှာ လူပေါင်း ၅၀၀၀ ကျော် သေဆုံးခဲ့ရပြီလို့ ဆိုပါတယ်။