အီရတ် ဖောက်ခွဲမှု အစိုးရ ပါဝင်ပတ်သက်လို့ ဒုသမ္မတ ပြော

Image caption ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ အီရတ် ဒုတိယ သမ္မတ Tariq al-Hashemi

အီရတ်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက လူ ရဝကျော် သေဆုံးခဲ့တဲ့ ဘဂ္ဂဒက်မြို့က ဗုံးပေါက်ကွဲမှုတွေဟာ အီရတ် အစိုးရ အဖွဲ့ထဲက လူတွေရဲ့ လက်ချက် ဖြစ်တယ်လို့ ဒုတိယ သမ္မတ တာရစ် အယ် ဟာရှီမီက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဗုံးခွဲသမားက အတားအဆီး ကင်းမဲ့စွာနဲ့ ဘာကြောင့် ဗုံးထောင် ဖောက်ခွဲမှုတွေ လုပ်နိုင်ခဲ့တယ် ဆိုတာကိုက အစိုးရ ပါဝင်ပတ်သက်မှု ရှိတယ် ဆိုတာ ပြနေတယ်လို့ မစ္စတာ ဟာရှီမီက ဘီဘီစီ ပါရှန်း ရုပ်မြင်သံကြား ဌာနကို ပြောပါတယ်။

ဆွန်နီ မူဆလင် တယောက် ဖြစ်တဲ့ မစ္စတာ ဟာရှီမီဟာ သူ့ကို ဖမ်းဝရမ်း ထုတ်ထားတဲ့ ရှီးရိုက် မူဆလင် တယောက် ဖြစ်တဲ့ ဝန်ကြီးချုပ် နိုရီ အယ် မလီခီနဲ့ နိုင်ငံရေး အရ အားပြိုင်မှု အကြီးအကျယ် ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် တပ်တွေ ဆုတ်ခွာသွားပြီးတဲ့နောက် အီရတ်မှာ ဝန်ကြီးချုပ် မလီခီဟာ သူ့နိုင်ငံရေး ပြိုင်ဖက်တွေကို ဖယ်ရှားပစ်ဖို့ ကြိုးစားနေတယ်လို့ မစ္စတာ အယ်လ် ဟာရှီမီက ပြောပါတယ်။