ဆီးရီးယား အသေခံ ဗုံးခွဲမှု အတိုက်အခံက အစိုးရကို အပြစ်တင်

ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယား သမ္မတ ဘတ်ရှား အယ် အာဆက်

ဆီးရီးယား နိုင်ငံ ဒမားစကစ်မြို့မှာ အသေခံ ဗုံးခွဲ တိုက်ခိုက်တွေကြောင့် လူလေးဆယ် သေဆုံးခဲ့တဲ့ အတွက် အတိုက်အခံတွေက အစိုးရကို အပြစ်တင်ခဲ့ကြပါတယ်။

နိုင်ငံထဲမှာ လက်နက်ကိုင် အဖွဲ့တွေ တက်ကြွ လှုပ်ရှားနေတယ် ဆိုတာကို အာရပ် အဖွဲ့ချုပ်က လေ့လာရေးမှူးတွေ လက်ခံယူဆအောင် အာဏာပိုင်တွေက ကြိုးစားခဲ့တာ ဖြစ်တယ်လို့ အတိုက်အခံ အုပ်စု တခုက ဘီဘီစီကို ပြောပါတယ်။

တိုက်ခိုက်မှု ဖြစ်ပွားပြီး မိနစ်ပိုင်း အတွင်းမှာ အယ်ကိုင်းဒါးတွေရဲ့ လက်ချက်ဖြစ်တယ်လို့ အစိုးရပိုင် ရုပ်မြင်သံကြားကတော့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီဗုံးခွဲမှုတွေရဲ့ လက်သည် တရားခံကို ဖော်ထုတ်နိုင်မှာ မဟုတ်ဘူးလို့ ယူဆရပေမယ့် ဒီလို ဗုံးခွဲမှုတွေကို အတိုက်အခံတွေဖက်က ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး လုံခြုံရေး တာဝန် ဆိုတာ အစိုးရ လက်ထဲမှာသာ ရှိတာလို့ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။

ဒီတိုက်ခိုက် ဗုံးခွဲမှုတွေကြောင့် နိုင်ငံတွင်း ဝင်ရောက် ကြည့်ရှု စစ်ဆေး နေမှုတွေကို နှောက်နှေး ကြန့်ကြာမှု မဖြစ်သင့်ဘူးလို့ အမေရိကန် အစိုးရက ပြောပါတယ်။

တခါ ဆီးရီးယား ခေါင်းဆောင်တွေကို တင်းကျပ်တဲ့ ပိတ်ဆို့မှု တွေနဲ့ ဆွစ်ဇာလန်နဲ့ကနေဒါတို့က အရေးယူခဲ့ကြပါတယ်။

ဆီးရီးယား သမ္မတ ဘတ်ရှား အယ်လ် အာဆက်ဒ်နဲ့ တခြား ထိပ်ပိုင်း အရာရှိ တွေနဲ့ ဆက်စပ်နေတဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ၅၃ သန်းကို ဆွစ် အာဏာပိုင်တွေက ထိန်းချုပ်ထား လိုက်ပြီလို့ ပြောပါတယ်။

ကနေဒါ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ဘိုင်းရာ့ဒ်ကလည်း ဆီးရီးယား နဲ့ ကုန်သွယ်မှုတွေကို တင်းတင်းကျပ်ကျပ် ကန့်သတ် ထားလိုက်ပြီလို့ ကြေညာခဲ့ပြီး သမ္မတ အာဆက်ဒ်ဟာ ဒီမိုကရေစီ အရေး လှုပ်ရှားသူတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်နေမှုဟာ လူသားချင်း စာနာမှု မရှိဘဲ စက်ဆုပ်ရွံရှာဖွယ် ကောင်းတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

အခုနှစ် အစောပိုင်း ကတည်းက စတဲ့ အာရပ်နွေဦး အရေးတော်ပုံတွေ စတင်ခဲ့ ကတည်းက တူနီးရှား ၊ အီဂျစ်နဲ့ လစ်ဗျားတို့က ရာထူးက ဆင်းပေးခဲ့ရတဲ့ ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှု တွေကို ဆွစ်ဇာလန်က ထိန်းချုပ် ထားခဲ့တာ ဖြစ်ပါတယ်။