အီရတ် ပြည်ထဲရေး ဝန်ကြီးရုံး ဗုံးပေါက်ကွဲ

Iraq Bom blast ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် တပ်တွေ ရုပ်သိမ်းပြီး အကြမ်းဖက်မှု တိုးပွား

အီရတ်နိုင်ငံ ဘဂ္ဂဒက် မြို့ ပြည်ထဲရေး ဝန်ကြီးရုံးမှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူငါးယောက်သေဆုံးခဲ့ပါတယ်။

ဝန်ကြီးရုံး အပြင်ဘက်မှာ ရှိတဲ့ ကားထဲမှာ ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေ အတွင်းမှာ ဒီနှစ် အတွင်း အဆိုးဝါးဆုံး ဗုံးခွဲမှုတွေ ဖြစ်ပွားခဲ့ပြီး ပြီးခဲ့ တဲ့ ကြာသပတေးနေ့တုန်းက အကြမ်းဖက်မှု ဖြစ်ရပ်တခုတည်းမှာတင် လူပေါင်း ၇၀ သေဆုံးခဲ့ပါတယ်။

ဒီလအတွင်း အမေရိကန် တပ်ဖွဲ့တွေ အီရတ်က ဆုတ်ခွာအပြီး အီရတ် အုပ်စုတွေ အကြား တိုက်ခိုက်မှုတွေ ပိုမို ပြင်းထန်လာခဲ့တာလည်း ဖြစ်ပါတယ်။

အီရတ်ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ စိုးရိမ်ပူပန်မှုတွေ ပိုမိုတိုးမြင့်လာတယ်လို့ အမေရိကန် ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင်က ဆိုပါတယ်။