မိန်းမ ယောင်္ကျား ခွဲခြားမှုဟာ ဘောင်မဝင်ဘူးလို့ အစ္စရေး ဝန်ကြီးတွေပြော

Image caption ဂျူး ဘုရားရှိခိုးကျောင်း

အမျိုးသားနဲ့ အမျိုးသမီး ခွဲခြားထားရမယ် ဆိုတဲ့ အယူအဆ အပေါ် စည်းရုံးလှုပ်ရှား မှုတွေ ပြင်းထန် လာနေရာမှာ အဲဒီအယူအဆ ကိုင်စွဲသူ ရာ ထောင်ချီ တဲ့ အစွန်းရောက် အော်သိုဒေါက်စ် ဂျူးတွေနဲ့ ရဲတွေကြား ဂျေရုဆလင်မြို့နားမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

လမ်းမကြီး တခုပေါ်မှာ မိန်းမနဲ့ ယောက်ျား ခွဲခြား ကန့်သတ်ထားတဲ့ ဆိုင်းဘုတ် တခုကို ရဲက ဖယ်ရှားပေးဖို့ လုပ်ဆောင်ခဲ့ရာက အဓိကရုဏ်းဖြစ်ပြီး ရဲအရာရှိ တယောက် ဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။

အစွန်းရောက် အော်သိုဒေါက်စ် ဂျူး ဘာသာဝင် အုပ်စုကြီးက ရဲတွေနောက်က လိုက်ပြီး ကျောက်တုံးတွေနဲ့ ပစ်ပေါက်ခဲ့ ကြပါတယ်။

လူမြင်ကွင်းနေရာတွေမှာ မိန်းမတွေကို ခွဲခြားထားဖို့ အစွန်းရောက် အော်သိုဒေါက်စ် ဂျူး ဘာသာဝင်တွေရဲ့ အခု သီတင်းပတ်တွေ အတွင်း ကြိုးပမ်းချက်ကို အစ္စရေး အာဏာပိုင်တွေက တုန့်ပြန် ဆောင်ရွက် ခဲ့ပြီးနောက် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး အခုဖြစ်ရပ်က နောက်ဆုံး ဖြစ်ပါတယ်။

ဒီလို မိန်းမ ယောက်ျား ခွဲခြားမှုဟာ တရားဥပဒေနဲ့ ဘောင်မဝင်ဘူးလို့ အစ္စရေး ဝန်ကြီးတွေ ကလည်း ပြောနေကြပါတယ်။