အမေရိကန် အီရန် ကို သတိပေး

_tanker ဓာတ်ပုံ မူပိုင် BBC World Service
Image caption ရေနံတင် သင်္ဘော အသုံးများတဲ့ ဟောမဇ်ရေလက်ကြား

ကမ္ဘာ့ ရေနံတင် သင်္ဘောကြီးတွေ သုံးပုံ တပုံ ဖြတ်သန်း အသုံးပြုတဲ့ ဟောမဇ် ရေလက်ကြား ကို နိုင်ငံတကာ အသုံးပြု နေတဲ့ ကြားက အီရန်နိုင်ငံက နှောက်ယှက် ဟန့်တားမှု ပြုမယ် ဆိုရင် အမေရိကန် အနေနဲ့ သည်းခံမှာ မဟုတ်ဘူး လို့ ပြောပါတယ်။

အီရန် ဒုတိယသမ္မတ က အနောက်အုပ်စု အနေနဲ့ အီရန်နိုင်ငံ က လောင်စာ ဓါတ်ငွေ့ တင်ပို့မှု ကို ပိတ်ဆို့ အရေးယူမှု ပြုခဲ့ရင် ပင်လယ်ကွေ့ထဲရှိ ဟောမဇ် ရေလက်ကြား ကို ပိတ်ထားမယ် လို့ ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။

အမေရိကန်ဘက်က အီရန်ရဲ့ ပြောဆိုမှု ကို တုံ့ပြန်ရာမှာ ချင့်ချိန်မှု နဲ့ အတူ ပြတ်သားမှု ရှိတဲ့ အကြောင်း ဝါရှင်တန်မှ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အီရန်ဟာ ဒီရေလက်ကြားမှာ ရေတပ် စစ်ဆင်ရေး ကို မကြာခန လေ့ကျင့်လေ့ ရှိကြောင်း၊ အမေရိကန်က အသိအမှတ် ပြုထားပါတယ်။