ကာ့ထ် ကမ်းဘဲလ် တရုတ် ၊ ဂျပန်နဲ့ တောင်ကိုရီးယား သွားမယ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ကင်မ်ဂျုံအီး စျာပန သိုက်မြိုက်စွာ ကျင်းပ

အမေရိကန် အစိုးရ အဆင့်မြင့် ထိပ်တန်း အရာရှိ တယောက် ဖြစ်တဲ့ အရှေ့အာရှနဲ့ ပစ္စဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell ဟာ တရုတ် ၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ကို လာမယ့် သီတင်းပတ်မှာ သွားရောက်ပြီး မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-il သေဆုံးပြီး နောက်ပိုင်း ဖြစ်ပေါ် တိုးတက်မှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးလိမ့်မယ်လို့ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ ပါတယ်။

မြောက်ကိုရီးယားမှာ ပြီးခဲ့တဲ့ ကြာသပတေး နေ့တုန်းက ပြုံယမ်းမြို့တော်မှာ ဖခင်ဖြစ်သူရဲ့ စျာပန အခမ်းအနားမှာ သားအငယ်ဆုံး ကင်မ်ဂျုံအန်းကို နိုင်ငံ့ခေါင်းဆောင် အဖြစ် သတ်မှတ် ကြေညာခဲ့တာ ဖြစ်ပါတယ်။

အခုလ အစောပိုင်းတုန်းက ကင်မဂျုံအီးလ် သေဆုံးပြီးတဲ့နောက် တရုတ်က အမေရိကန် ၊ တောင်ကိုရီးယား တို့နဲ့ အတူ ဒေသတွင်း နောက်ဆက်တွဲ ပြဿနာတွေ အပေါ် ဘယ်လို ကိုင်တွယ် ဖြေရှင်းကြမလဲ ဆိုတာကို ဆွေးနွေးခဲ့ပါတယ်။

ကိုရီးယား ကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ရရှိရေးတို့ အတွက် အမေရိကန် ၊ တောင်ကိုရီးယား တို့နဲ့ နီးနီးကပ်ကပ် ဆက်သွယ် ဆောင်ရွက်သွားဖို့ စီစဉ်ခဲ့ပါတယ်လို့ တရုတ် အစိုးရက ထုတ်ဖော် ပြောကြားခဲ့ ပါတယ်။

မစ္စတာ ကမ်းဘဲလ်ရဲ့ ခရီးစဉ် အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း ထည့်သွင်း ဆွေးနွေးသွားမယ်လို့ သိရပါတယ်။