ဆီးရီးယားမှာ လုံခြုံရေး တပ်ဖွဲ့ကြောင့် လူ၄ဝ ထပ်သေ

လုံခြုံရေးတပ်ဖွဲ့ ပစ်ခတ် သတ်ဖြတ်မှု မရပ်

ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတ အာဆက် ရာထူးက ဆင်းပေးဖို့ တောင်းဆို

ဆီးရီးယားမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ရဲ့ လက်ချက်ကြောင့် လူလေးဆယ် သေဆုံးခဲ့တယ်လို့ ဆီးရီးယား အရေး တက်ကြွ လှုပ်ရှားသူ တယောက်က ဆိုပါတယ်။

အာရပ် အဖွဲ့ချုပ်က လေ့လာ စုံစမ်းရေးမှူးတွေ လာရောက် စစ်ဆေးခါနီးမှာ လုံခြုံရေး တပ်ဖွဲ့တွေက ဆန္ဒပြ လူအုပ်ထဲကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

နိုင်ငံ တောင်ပိုင်းက Deraa မြို့နဲ့ Damascus ဆင်ခြေဖုံးက Douma မြို့မှာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့ သတင်းရရှိပါတယ်။

Hama မြို့မှာတော့ လူတွေက မြို့လယ်က ရင်ပြင်မှာ သုံးရက်ကြာ စုဝေးကြဖို့ ကြိုးစား နေပေမယ့် လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ရင်ဆိုင် ပစ်ခတ်မှုတွေ မျက်ရည်ယိုဗုံး သုံးပြီး ဖြိုခွင်းမှု တွေနဲ့ ကြုံနေရတယ်လို့ ဆီးရီးယား အရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

လူတွေက အသက်အန္တရာယ် စွန့်စားပြီး အကြမ်းဖက် နှိမ်နင်းခံနေရတာတွေကို ပြသဖို့ ကြိုးစားတဲ့ အနေနဲ့ အာရပ် အဖွဲ့ချုပ်က လေ့လာ စုံစမ်းရေးမှူးတွေ ဝင်ရောက် စစ်ဆေး ချိန်မှာ ကြိုးစားနေသလို တဖက်ကလည်း အကြမ်းဖက်မှုတွေ တိုးလာနေတယ်လို့ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။