Hormuz က ရေကြောင်း သွားလာမှုတွေကို မနှောက်ယှက်ဘူးလို့ အီရန်ဆို

ဓာတ်ပုံ မူပိုင် Reuters
Image caption Strait of Hormuz မှာ ဒုံးကျည် ပစ်လွှတ် စမ်းသပ်

အီရန်ဟာ ကမ္ဘာပေါ်မှာ ရေနံတင် သင်္ဘောတွေ သွားလာမှုများတဲ့ Strait of Hormuz က ရေကြောင်း သွားလာမှုတွေကို နှောက်ယှက်မှာ မဟုတ်ပါဘူးလို့ ရေတပ် အဆင့်မြင့် အရာရှိ တယောက်က ပြောပါတယ်။

အနောက် အုပ်စု နိုင်ငံတွေက သူတို့နိုင်ငံရဲ့ ရေနံ တင်ပို့မှုကို ပိတ်ဆို့ အရေးယူမယ် ဆိုရင် ဒီရေလက်ကြားကို ပိတ်ပစ်မယ်လို့ အီရန်ကပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။

အီရန်ဟာ သူတို့ရဲ့ ရေနံတင်ပို့မှု ပိတ်ပစ်မှာကို အဖြစ် မခံနိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့ တီဟီရန်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒုံးကျည် ပစ်ခတ် စမ်းသပ်မှု နှစ်ကြိမ် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ အီရန်က ပြောနေတဲ့ ဟော်မူဇ်မှာ စစ်ရေးလေ့ကျင့်မှုတွေ နှစ်ပတ်ကြာ ပြုလုပ်ပြီးတဲ့နောက် အခုလို ရေကြောင်း သွားလာမှုတွေကို မနှောက်ယှက်တော့ပါဘူးလို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။