ဗုံးပေါက်တာ အစိုးရ လှည့်ကွက်လို့ အတိုက်အခံပြော

ဓာတ်ပုံ မူပိုင် syria
Image caption ပေါက်ကွဲတဲ့ နေရာက မြင်ကွင်း

ဆီးရီးယား နိုင်ငံ ဒမားစကတ်စ်မြို့မှာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု တခု ဖြစ်ပွားခဲ့တဲ့ အပေါ်အစိုးရက အကြမ်းဖက်သမားတွေကို အပြစ်ပုံချခဲ့ပေမယ့် အတိုက်အခံတွေကတော့ စိတ်ဝမ်းကွဲပြားမှု ဖြစ်အောင် ဖန်တီးတဲ့ အစိုးရရဲ့ လှည့်ကွက် တရပ်ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီဗုံး ပေါက်ကွဲမှုကြောင့် လူ ၂၅ယောက် သေဆုံး သွားပြီး အများအပြား ဒဏ်ရာရခဲ့တယ် လို့ ဆီးရီးယား အရာရှိတွေက ပြောပါတယ်။

အခင်းဖြစ်ပွားတဲ့ နေရာကို ရောက်သွားခဲ့တဲ့ ဗြိတိသျှ သတင်းထောက် တယောက်ကတော့ ခန္ဒာကိုယ်ရဲ့ အပိုင်းအစနဲ့ သွေးကွက်တွေ တွေ့ရပေမယ့် တကယ် သေဆုံး ဒဏ်ရာရသူတွေ တယောက်မှ မမြင်ရဘူးလို့ ဆိုပါတယ်။

သောကြာနေ့ ဝတ်ပြု ဆုတောင်း သမားတွေရဲ့ နိုင်ငံတလွှား ထပ်မံ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတာကို အာရုံပြောင်းသွားအောင် အစိုးရရဲ့ လှည့်ဖျားမှု တရပ်ဖြစ်တယ်လို့ ဆီးရီးယား အမျိုးသားကောင်စီ အပါအဝင် အတိုက်အခံတွေက ပြောပါတယ်။

ဆီးရီးယား ပြည်ထဲရေး ဝန်ကြီး ကတော့ အကြမ်းဖက် သမားတွေကို ပြင်းပြင်းထန်ထန် ကိုင်တွယ်သွားမယ်လို့ ပြောခဲ့ပါတယ်။