အီရန်နဲ့ ဆက်ဆံရေး အပေါ် ပူပန်မှု ဗင်နီဇွဲလား ပယ်ချ

ဓာတ်ပုံ မူပိုင် Reuters
Image caption Venezuela သမ္မတ Hugo Chavez

အီရန်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတဲ့ အပေါ် အမေရိကန်ရဲ့ စိုးရိမ်မှုတွေကို ဗင်နီဇွဲလား သမ္မတ ဟူဂိုရှာဗက်ဇ်က ပယ်ချလိုက်ပါတယ်။

ကာရာကတ်စ်မြို့မှာ အီရန်သမ္မတ မာမွတ် အာမက် ဒီနာဂျက်နဲ့ တွေဆုံပြီးတဲ့နောက် မစ္စတာ ရှာဗက်ဇ်က ပြောကြားရာမှာ အမေရိကန်တွေက အီရန်ကို ကျူးကျော်ရန်စသူ အဖြစ် ပုံဖော် ပြောကြား နေပေမယ့် အီရန်က ဘယ်သူ့ကိုမှာ ကျူးကျော် သိမ်းပိုက်ခဲ့တာ မရှိခဲ့ပါဘူးလို့ ဆိုပါတယ်။

အီရန်ရဲ့ နျူကလီးယား အစီအစဉ် အပေါ် အမေရိကန်က တင်းကျပ်တဲ့ ပိတ်ဆို့မှုတွေနဲ့ အရေးယူခဲ့ ပြီးတဲ့နောက် အီရန် သမ္မတ အာမက်ဒီနာဂျက်ရဲ့ ဗင်နီဇွဲလား ခရီးစဉ် ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

ဒါဟာ အာမက်ဒီနာဂျက်ရဲ့ လက်တင် အမေရိက လေးနိုင်ငံ ခရီးစဉ် အတွင်း ဗင်နီဇွဲလားက ပထမဆုံး နိုင်ငံ ဖြစ်ပါတယ်။