အာရပ် အဖွဲ့ချုပ် ဝင်စစ်မှာ သေဆုံးသူ ၄ဝဝကျော်ပြီ

ဓာတ်ပုံ မူပိုင် AFP
Image caption ကုလ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဆူဆန်ရိုက်စ်

ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ပိုင်း လောက်မှာ အာရပ်အဖွဲ့ချုပ်က လေ့လာ စစ်ဆေးရေးမှူးတွေ ဝင်ရောက်ခဲ့ပြီး နောက်ပိုင်း သေဆုံးသူ ၄ဝဝ ရှိပြီလို့ ခန့်မှန်းကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

ဆီးရီးယား အစိုးရဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေကို အဆုံးသတ်မယ့် အစား ဒီမိုကရေစီ ဆန္ဒပြသမားတွေကို အရှိန်မြှင့် သတ်ဖြတ် နေတယ် ဆိုတာကို ဒီအရေအတွက် တွေကို ကြည့်ခြင်းအားဖြင့် သိနိုင်တယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဆူဆန် ရိုက်စ်က ပြောပါတယ်။

အင်္ဂါနေ့ အစောပိုင်း တုန်းကလည်း ဆီးရီးယား သမ္မတ အာဆက်ဒ်က အကြမ်းဖက် သမားတွေကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ပြီး နိုင်ငံလုံခြုံရေး အတွက် တိုးမြှင့် ဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။

ဒေသတွင်းနဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေက ဆီးရီးယား နိုင်ငံရေး မငြိမ်မသက် ဖြစ်အောင် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူးလို့ မစ္စတာ အာဆက်ဒ်က ပြောပါတယ်။

ဆီးရီးယား နိုင်ငံ အတွင်းမှာ ဝင်ရောက် စစ်ဆေးနေတဲ့ သူတို့ရဲ့ ကိုယ်စားလှယ် နှစ်ယောက် ဆန္ဒပြသမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားတဲ့ အပေါ် အာရပ် အဖွဲ့ချုပ်က ရှုတ်ချလိုက်ပါတယ်။

သမ္မတ အာဆက် ကို အခိုင်အမာ ထောက်ခံကြတဲ့ ဒေသလို့ လူသိများတဲ့ Latakia ဆိပ်ကမ်းမြို့ကို ကားမောင်းသွားရင်း ကူဝိတ်နိုင်ငံသား အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ တိုက်ခိုက် ခံရတာ ဖြစ်ပါတယ်။

ဒီကိုယ်စားလှယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ဆီးရီးယား အစိုးရမှာ တာဝန်ရှိတယ်လို့ အာရပ် အဖွဲ့ချုပ် ခေါင်းဆောင် နာဘီးလ် အယ် အာရဘီက ပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးကလည်း ရှုတ်ချလိုက်ပြီး လေ့လာ စစ်ဆေးရေးမှူးတွေရဲ့ လုံခြုံရေး အတွက် ဆီးရီးယားက အာမခံပါတယ်လို့ ဆိုပါတယ်။