အီရန်အပေါ် အရေးမယူဖို့ ရုရှားပြောကြား

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အီရန်အပေါ် ပိတ်ဆို့အရေးယူတာကိုလည်း ဆန့်ကျင်ကြောင်း သူက ပြောပါတယ်

အီရန်နိုင်ငံအပေါ် အနောက်နိုင်ငံတွေက စစ်ရေးအရ အရေးယူဆောင်ရွက်မှုတွေ လုပ်မယ်ဆိုရင် အကြီးအကျယ် ထိခိုက် ပျက်ဆီးမှုတွေ ဖြစ်စေလိမ့် မယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလာရို့ဗ်က ပြောကြားလိုက်ပါတယ်။

နောက်ပြီး အီရန်အပေါ် နောက်ထပ် ပိတ်ဆို့ အရေးယူတာ တွေကိုလည်း ဆန့်ကျင်ကြောင်း သူက ပြောပါတယ်။

စစ်ရေးအရ အရေးယူ ဆောင်ရွက်မယ်ဆိုရင် အရှေ့အလယ်ပိုင်းမှာ တငွေ့ငွေ့ လောင်ကျွမ်း နေတဲ့ ဂိုဏ်းဂဏ အကွဲအပြဲတွေကို ပိုမို ဆိုးဝါးလာစေလိမ့်မယ်လို့ မစ္စတာ လာရို့ဗ်က ပြောပါ တယ်။

အီရန် နျူးကလီးယား အစီအစဉ်ကို ဆန့်ကျင်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးချဲ့ လုပ်ဆောင် မယ် ဆိုရင် အီရန်စီးပွားရေးကို ထိခိုက်ပျက်စီးစေကာ အီရန်နိုင်ငံတွင်း မကျေနပ် မှုတွေ ဖြစ်အောင် လှုံ့ဆော်ပေးသလို ဖြစ်စေလိမ့်မယ်လို့ သူက ပြောပါတယ်။

အီရန်နျူးကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး အစ္စရေးက အီရန်ကို ဝင်တိုက်ဖို့ဆိုတာ အရမ်းကို အလှမ်းဝေးပါတယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အီဟု ဘာရက်က ပြောကြားလိုက်တဲ့ နောက်မှာ အခုလို မစ္စတာ လာရို့ဗ်ရဲ့အမြင် ထွက်ပေါ်လာတာပါ။