နိုက်ဂျီးရီးယားဗုံး သေဆုံးသူ များလာနိုင်

Nigeria ဓာတ်ပုံ မူပိုင် Reuters
Image caption နိုက်ဂျီးရီးယား ဗုံးကွဲမှု သေဆုံးသူ တိုးလာနိုင်

နိုက်ဂျီးရီးယား နိုင်ငံ မြောက်ပိုင်း ကာနိုး မြို့က သောကြာနေ့ ဗုံးခွဲ တိုက်ခိုက်မှုမှာ သေဆုံး ဒဏ်ရာ ရသူတွေ များလွန်းတဲ့ အ တွက် ဆေးရုံတွေ မနိုင်မနင်း ဖြစ်နေပါ တယ်။

မြို့က အဓိက ဆေးရုံ ရင်ခွင်ရုံ တခုထဲမှာ အ နည်းဆုံး အလောင်း တရာလောက်ကို တွေ့ခဲ့ ရတယ်လို့ ရင်ခွဲရုံကို ကိုယ်တိုင် ရောက် သွားတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါ တယ်။

ဒါတောင်မှ အပျက်အစီးတွေကြားထဲ သေဆုံးသူတွေ ရှိနေနိုင်တဲ့ အတွက် စုစုပေါင်း သေ ဆုံးသူ အရေအတွက် ထပ်တိုးလာစရာ ရှိတယ်လို့ ဆေးရုံ တာဝန်ရှိသူတွေက ပြောနေပါ တယ်။

သေဆုံးသူ အများအပြားဟာ ဗုံးပေါက်ကွဲ မှုကြောင့် ဖြစ်ပြီး တချို့ ကတော့ သေနတ် ဒဏ်ရာတွေကြောင့်လို့ ဆေးရုံ တာဝန်ကျ ဆရာဝန်ကြီး တဦးက ပြောပါတယ်။

ဒါအပြင် တချို့ကျတော့ ပေါက်ကွဲမှုတွေ တခုပြီး တခု ဆက်တိုက် ဖြစ်ခဲ့ပြီး နောက်ပိုင်း ပြေးလွှားရင်း လူပိကြတာနဲ့ အဆောက်အဦး ပြိုကျတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေကို နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ တခြား နိုင်ဂျီးရီးယား အရေးပေါ် ကယ် ဆယ်ကူညီရေးအဖွဲ့အမျိုးမျိုးက ကူညီပြီး ဆေးရုံကို ပို့ဆောင်ပေးနေကြသလို အလောင်းတွေ သယ်ပို့ရာမှာလည်း ကူညီနေကြပါတယ်။

သေဆုံးသူ အများစုဟာ အရပ်သားတွေ ဖြစ်ပုံရပေမဲ့ အဲဒီထဲမှာ ယူနီဖေါင်းဝတ် ရဲအရာရှိ တချို့လဲပါတယ်လို့ ဆိုပါတယ်။

ညမှောင်လာချိန်မှာ Kano လက်နက်ကိုင် ရဲတပ်ဖွဲ့နဲ့ စစ်တပ်တွေ မြို့အနှံ့မှာ စစ်ဆေးရေး ဂိတ်တွေ ချပြီး လုံခြုံရေးတွေ တိုးချနေပါတယ်။

နိုက်ဂျီးရီးယား နိုင်ငံ မြောက်ပိုင်းက အဓိက အစ္စလာမ် ဝါဒီ အဖွဲ့ ဖြစ်တဲ့ ဘိုကို ဟာရမ် အဖွဲ့က ဒီဗုံးခွဲမှုကို သူတို့ ပြုလုပ်ခဲ့တာလို့ ပြောပါတယ်။