ဆီးရီးယားမြို့တော်တဝိုက် ပစ်ခတ်မှုတွေ ရှိနေ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒဲရာမြို့မှာလည်း လုံခြုံရေးတပ်ဖွဲ့တွေက နေရာ ယူ ထားကြပါတယ်

ဆီးရီးယားနိုင်ငံ မြို့တော် ဒမားစကက်စ် အနီး ဒူးမား မြို့ပြင်ဘက်မှာ နေရာယူ ထားတဲ့ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေကနေ ပစ်ခတ်နေတဲ့ အသံတွေကို ကြားနေရတယ် လို့ မျက်မြင်တွေ့ရှိသူ တဦးက ဘီဘီစီကို ပြောပါတယ်။

ဆီးရီးယားအရေး တက်ကြွလှုပ်ရှားသူတွေ ပြောတာကတော့ အတိုက်အခံ ဘက်က တိုက်ခိုက်ရေးသမားတွေဟာ ဆန္ဒပြသူတွေကို အကာအကွယ်ပေးဖို့အတွက် ဒူးမားမြို့ လယ်မှာ ရှိနေကြဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ဟာ မနေ့က ဒူးမားမြို့ကို နာရီအတော်ကြာ ထိန်းချုပ်ထားပြီးနောက်ပိုင်း ပြန်ဆုတ် သွား ကြပြီ ဖြစ်တယ်လို့ အစောပိုင်း သတင်းတွေကဆိုပါတယ်။

ဆီးရီးယားအစိုးရ တပ်ဖွဲ့တွေက အသုဘ အခမ်းအနားတခုကို ပစ်ခတ်ခဲ့တဲ့ အတွက် လူ ၄ ဦးသေဆုံးသွားရာကနေ တိုက်ခိုက်မှုတွေ စဖြစ်ခဲ့တာလို့ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

အာရပ်နိုင်ငံများအဖွဲ့ချုပ် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကိုင်ရိုမြို့ အစည်းအဝေးကနေ ဆီးရီးယားစောင့်ကြည့်ရေး အဖွဲ့ လုပ်ငန်းတွေကို အချိန် တလ ထပ်တိုးလိုက်ကြောင်း ဆုံးဖြတ်လိုက်ပါတယ်။