တူရကီ လူမျိုးတုန်း သတ်ဖြတ်မှု ပြင်သစ် အတည်ပြု

Image caption လူမျိုးတုန်း သတ်ဖြတ်မှု ဥပဒေကို အတည်ပြု လိုက်တဲ့ ပြင်သစ် အထက် လွှတ်တော်

ပထမ ကမ္ဘာစစ်တုန်းက အာမေးနီးယန်းကို အော်တိုမန် တူရကီတွေက သတ်ခဲ့တာဟာ လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်ကြောင်းကို ငြင်းပယ်ရင် ရာဇဝတ်မှု မြောက်တယ် ဆိုတဲ့ ဥပဒေကြမ်း တရပ်ကို ပြင်သစ် အထက်လွှတ်တော်က အတည်ပြု ပေးလိုက်ပါတယ်။

တကယ်လို့ တစုံတယောက်က ဒီဥပဒေကို ချိုးဖောက်ရင် ထောင်ဒဏ် ကျခံရမှာပါ။

ဒီဥပဒေကို အထက်လွှတ်တော်က အတည်ပြု လိုက်တာကြောင့် ပြင်သစ်နဲ့ တူရကီကြား ဆက်ဆံရေး အကြီးအကျယ် စိတ်ဝမ်းကွဲပြားမယ့် အခြေအနေမှာ ရှိနေပါတယ်။

အဲဒီတုန်းက အာမေးနီးယန်းတွေ တသန်းကျော် သေဆုံးခဲ့ ရတယ်လို့ တူရကီက ဝန်ခံခဲ့ပေမယ့် လူမျိုးတုန်းလောက်အောင် တမင်တကာ မရည်ရွယ် ခဲ့ပါဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ တုန်းက ပြင်သစ် အောက်လွှတ်တော်က ဒီဥပဒေကြမ်းကို အတည်ပြုခဲ့လို့ တူရကီက ပြင်သစ်နဲ့ စစ်ရေး ၊ စီးပွားရေးနဲ့ နိုင်ငံရေး အဆက်အသွယ်တွေ ဖြတ်တောက်ခဲ့ တာပါ။

တကယ်လို့ သမ္မတ ဆာကိုဇီက ဒီဥပဒေကို လက်မှတ် ရေးထိုး အတည်ပြုလိုက်မယ် ဆိုရင် နောက်ထပ် ပြင်သစ် အပေါ် အရေးယူ ပိတ်ဆို့မှုတွေ လုပ်မယ်လို့ တူရကီက ခြိမ်းခြောက် ထားပါတယ်။

အခုလို ချမှတ်လိုက်တဲ့ ပြင်သစ်ရဲ့ ဆုံးဖြတ်ချက် အပေါ် တူရကီက ဒေါသတကြီး တုန့်ပြန်ခဲ့ပြီး တူရကီ တရားရေး ဝန်ကြီး Sadullah Ergin က ဒီမဲခွဲ ဆုံးဖြတ် အတည်ပြုမှုက မတရားဘူး ၊ တူရကီ အပေါ် မထီလေးစား လုပ်တာလို့ ဆိုပါတယ်။

ဒါပေမယ့် အာမေးနီးရား နိုင်ငံခြားရေး ဝန်ကြီး Edward Nalbandian ကတော့ ပြင်သစ်ရဲ့ လုပ်ဆောင်ချက်က လူ့အခွင့်အရေး ကာကွယ်မှု သမိုင်းမှတ်တမ်း ကို ပြသ လိုက်တာဘဲလို့ ပြောပါတယ်။