အာရပ် အဖွဲ့ချုပ် စစ်ဆေးခွင့် နောက်တလ ဆီးရီးယား တိုးမြှင့်

ဓာတ်ပုံ မူပိုင်
Image caption ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဝါဟစ် မူလန်

ဆီးရီးယား နိုင်ငံမှာ အာရပ် အဖွဲ့ချုပ်က လေ့လာရေးမှူးတွေ ဝင်ရောက် စစ်ဆေးခွင့်ကို နောက်တလ ထပ်တိုးပေးဖို့ သဘောတူ လိုက်ပါတယ်။

ဒီလေ့လာစစ်ဆေးရေးမှူးတွေ နယူးယောက် သွားသွား ၊ လကမ္ဘာ သွားသွား ဂရုမစိုက်ဘူးလို့ အစောပိုင်းတုန်းက ပြောခဲ့တဲ့ ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဝါဟစ် မူလန်က သက်တမ်း တိုးဖို့ ကမ်းလှမ်း လိုက်တာ ဖြစ်ကြောင်း ဆီးရီးယား အစိုးရပိုင် သတင်း အေဂျင်စီက ပြောပါတယ်။

အာရပ် အဖွဲ့ချုပ်ရဲ့ ဆီးရီးယား နိုင်ငံအတွင်း ဝင်ရောက် စစ်ဆေးရေး အဖွဲ့ထဲက ပင်လယ်ကွေ့ ငါးနိုင်ငံ နှုတ်ထွက်သွားခဲ့ ပြီးတဲ့နောက် ဒီတာဝန်ကို ကုလသမဂ္ဂက ယူပေးဖို့ လွှဲပေးဖို့ ဆုံးဖြတ်လိုက်တဲ့ အတွက် မစ္စတာ မူလန်က အခုလို တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန် ၊ ပြင်သစ်နဲ့ ဂျာမဏီ တို့က ဆီးရီးယားမှာ ဆန္ဒပြသူတွေကို အစိုးရက အကြမ်းဖက် နှိမ်နင်းနေမှုကို ရှုတ်ချလိုက်ပြီး လာမယ့် သီတင်းပတ် မတိုင်မှီ လုံခြုံရေး ကောင်စီမှာ အဆိုပြုလွှာ မူကြမ်း တင်နိုင်အောင် ကြိုးစား နေကြပါတယ်။