လစ်ဗျား အကျဉ်းစခန်းတွေကနေ MSF ပြန်ရုပ်

ဓာတ်ပုံ မူပိုင် bbc
Image caption ထိန်းသိမ်းရေး စခန်းတွေထဲမှာ နှိပ်စက် ညှင်းပန်းမှု တွေ ရှိနေ

Medecins Sans Frontieres လို့ ခေါ်တဲ့ MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ဟာ လစ်ဗျားနိုင်ငံ မစ်ဆရာတာမြို့က ထိန်းသိမ်းရေးစခန်းတွေမှာ သူတို့ ဆေးကုသမှု ပေးနေတာတွေကို ရပ်ဆိုင်း ထားလိုက် ပါတယ်။

အဲဒီ ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံ နေရသူတွေကို အမြဲလိုလို နှိပ်စက် ညှင်းပန်း တာတွေ ရှိနေတာကြောင့် အခုလို ရပ်ဆိုင်း လိုက်တာလို့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က ပြောပါတယ်။

လစ်ဗျား ထိန်းသိမ်းရေးစခန်းတွေမှာ နှိပ်စက်ညှင်းပန်းမှုတွေဟာ တဖြေးဖြေး ကြီးထွားလာနေတဲ့ ပြသနာတရပ် ဖြစ်လာနေပြီလို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သတိပေးခဲ့ပြီး နောက်တရက်မှာပဲ နယ်စည်းမခြားဆရာဝန်များအဖွဲ့က အခုလို ထုတ်ဖေါ် ကြေညာလိုက်တာပါ။

လစ်ဗျားမှာ အကြမ်းဖက်မှုတွေအပါအဝင် ဒီမိုကရေစီမကျတဲ့ လုပ်ဆောင်နေမှုတွေနဲ့ ပတ်သက်လို့ ကြားဖြတ်အစိုးရ အပေါ် ဝေဖန်မှုတွေ လောလောဆယ်ရက်တွေမှာ တိုးလာနေတယ်လို့ ဆိုပါတယ်။

မစ်ဆရာတာ ထိန်းသိမ်းရေးစခန်းတွေမှာ နှိပ်စက်ခံရလို့ ရတဲ့ ဒဏ်ရာတွေကြောင့် ကုသပေးရသူပေါင်း တရာကျော်လောက် ရှိတယ်လို့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က ပြောပါတယ်။

ဒေသ အာဏာပိုင်တွေကို အသိပေးပြောကြားခဲ့ပေမယ့် ဘာမှ အရေးယူ ဆောင်ရွက်ခြင်း မရှိဘူးလို့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က ပြောပါတယ်။

လစ်ဗျား ခေါင်းဆောင်ဟောင်း ကဒါဖီကို ထောက်ခံခဲ့တယ်လို့ စွပ်စွဲခံရသူ ရှစ်ထောင့် ငါးရာလောက်ဟာ လက်နက်ကိုင် ပြည်သူ့စစ်တွေ ကွပ်ကဲနေတဲ့ အကျဉ်းထောင်တွေမှာ ထိန်းသိမ်း ခံနေရတယ်လို့ ကုသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မင်းကြီး နာဗီ ပီလေးက လုံခြုံရေးကောင်စီမှာပြောကြားခဲ့ပါတယ်။

ဗဟိုက ကြီးကြပ် ကွပ်ကဲမှု လျော့နည်းတာကြောင့် အကြမ်းဖက်မှုတွေ၊ မဖွယ်မရာ ပြုမူတွေ ဖြစ်ပေါ်လာစေခဲ့တယ်လို့ သူက ပြောခဲ့ပြီး နိုင်ငံမှာရှိတဲ့ ထိန်းသိမ်းရေး စခန်းတွေကို ထိန်းချုပ် ကွပ်ကဲဖို့ လစ်ဗျား အာဏာပိုင်တွေကို သူက တိုက်တွန်းခဲ့ပါတယ်။