US ဗဟိုဘဏ် အတိုးနှုန်း ဆက်ထိန်းထားဖွယ်ရှိ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဗဟိုဘဏ် ဥက္ကဌ ဘန်ဘနန်ကီး အတိုးနှုန်း ဆက်ထိန်း ထားဖို့ ကြေညာ

အမေရိကန် ပြည်ထောင်စုမှာ ၂ဝ၁၄ ခုနှစ် အထိ အတိုးနှုန်းကို ဆက်ချထားနိုင်ဖွယ် ရှိတယ်လို့ ဗဟိုဘဏ် ဥက္ကဌ Ben Bernanke က ပြောပါတယ်။

ဒါပေမယ့် ဒါဟာ ခန့်မှန်းချက် သက်သက်သာ ဖြစ်ပြီး စီးပွားရေး ဦးမော့လာရင် အတိုးနှုန်းကို ပြင်ကောင်း ပြန်ပြင် နိုင်တယ်လို့ သူက ဆိုပါတယ်။

ဗဟိုဘဏ်က အတိုးနှုန်း ဆက်ချထားဖွယ် ရှိတယ်လို့ ပြောတာဟာ အမေရိကန် စီးပွားရေးဟာ အတန်အသင့် အခြေအနေမှာ ဆက်ရှိနေမယ့် လက္ခဏာဘဲလို့ ဘီဘီစီ စီးပွားရေး ဆိုင်ရာ သတင်းထောက်က သုံးသပ်ပါတယ်။

အမေရိကန် စီးပွားရေး အတန်အသင့် ရှိတဲ့ အနေအထားမှာ ငွေဖောင်းပွ မှုနှုန်း ကလည်း တိုးမလာဘူး ဆိုရင် အလုပ်လက်မဲ့နှုန်းလည်း တဖြည်းဖြည်း ကျဆင်း လာလိမ့်မယ်လို့ ဗဟိုဘဏ် ပေါ်လစီ ရေးရာ ကော်မတီက ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

ဒါ့အပြင် ငွေကြေး စျေးကွက်က အခြေအနေတွေ ဆိုးရွားလာမယ် ဆိုရင် အနာဂတ် စီးပွားရေး အခြေအနေ ဆုတ်ယုတ်မယ့် အန္တရယ် ရှိတယ်လို့လည်း ဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် ပြည်ထဲရေး ဝန်ကြီး Janet Napolitano

တဆက်တည်း ဆိုသလို အမေရိကန် ပြည်ထောင်စုဟာ သူ့နိုင်ငံထဲကို ကုန်ပစ္စည်း တင်သွင်းလာတဲ့ လမ်းကြောင်းတွေကို အန္တရယ် ပေးနိုင်တဲ့ နည်းလမ်းတွေ ဖြစ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ သဘာဝ ဘေးအန္တရယ် ရန်တွေက ကာကွယ်နိုင်အောင် မဟာဗျူဟာသစ် တရပ်ကို ချမှတ်ခဲ့ပါတယ်။

အဲဒီ ဘေးအန္တရယ် တွေဟာ အမေရိကန်က အားထားနေရတဲ့ စွမ်းအင်နဲ့ သတင်း အချက်အလက် ဆိုင်ရာ နက်ဝါ့ခ်တွေ ၊ ပင်လယ် ရပ်ခြား ကုန်တင်ပို့မှုတွေ ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

အစားအစာ ၊ ဆေးဝါး ၊ လောင်စာဆီနဲ့ အမေရိကန် တွေရဲ့ နေ့စဉ် လူနေမှု ဘဝမှာ အသုံးပြုနေရတဲ့ ကုန်တွေကို တကမ္ဘာလုံး ဆိုင်ရာ ကုန်စည် စီးဆင်း တင်ပို့မှု ကနေ ထောက်ပံ့ပေး နေတာ ဖြစ်တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။