ရခိုင်ရိုးရာ ကျင်ပြိုင်ပွဲ အဆင့်မြင့်မားရေး

Image caption သိမ်ဖြူကွင်းက ရခိုင်ကျင်ပွဲ

တတိယအကြိမ်မြောက် ရခိုင်ရိုးရာ ကျင်အားကစားပြိုင်ပွဲကို ရန်ကုန်မြို့ သိမ်ဖြူ လက်ဝှေ့ကွင်းမှာ ဇန်နဝါရီလ ၂၇ ရက်နေ့က ၂၉ ရက်နေ့ထိ ကျင်းပနေရာမှာ လူတွေ တော်တော်များ လာရောက် အားပေးကြည့်ရှု့ခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ရိုးရာ ကျင်ပြိုင်ပွဲကို ဒီနှစ်မှာ ခါတိုင်းနှစ်တွေနဲ့ မတူဘဲ ပြိုင်ပွဲ အဆင့်အတန်းရရော ဆုကြေးအရရော အဆင့်မြင့်မြင့် ဖြစ်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီလို အရင်နှစ်တွေနဲ့ မတူဘဲ အဆင့်မြင့်မြင့် စီစဉ်ရတာကတော့ လာမယ့် အရှေ့တောင် အာရှ အားကစားပွဲတော် ဆီးဂိမ်းမှာ ရခိုင်ကျင်ကို ရိုးရာအားကစားတရပ် အနေနဲ့ ထည့်သွင်းလိုတဲ့ အတွက် ဖြစ်တယ်လို့ ရခိုင် ကျင်ပြိုင်ပွဲကို ဦးဆောင်ကျင်းပတဲ့ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။

ကျင်ပွဲကို ရခိုင်ပြည်နယ်က ကျင်အားကစား သမားတွေ အပါအ၀င် တိုင်းရင်းသားပေါင်းစုံ လူပေါင်း ၂၆၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ကစားတယ်လို့ သိရပါတယ်။

ရခိုင်ကျင်အားကစားနည်းမှာ ရွှေမောင်းတန်း၊ ငွေမောင်းတန်း ဆိုပြီး အတန်းနှစ်တန်း ခွဲခြားထားရှိပြီး နောက်ဆုံးနေ့ ပြိုင်ပွဲမှာတော့ ရွှေမောင်းတန်း ပထမဆု ရသူကို ကျပ် ၁၅ သိန်း ချီမြှင့်မှာ ဖြစ်ပြီး ငွေမောင်းတန်းမှာ ပထမဆုရတဲ့သူကို ကျပ် ၁၀ သိန်းချီမြှင့်သွားမယ်လို့ သိရပါတယ်။