အီဂျစ် ဘောလုံးပွဲ ရန်ပွဲ ၇၀ ကျော်သေ

egypt ဓာတ်ပုံ မူပိုင် AFP
Image caption ဒိုင် ပွဲသိမ်း ခရာ မှုတ်ပြီးပြီးချင်း အိမ်ရှင် ပရိသတ်က တဘက် အသင်း ပရိသတ်ကို ပြေးပြီး ရိုက်နှက်ခဲ့

အီဂျစ် အရှေ့ပိုင်းမှာ ဘောလုံးပွဲ တခု အတွင်း ပရိသတ်တွေ ရန်ဖြစ်ရိုက်နှက် ရာကနေ လူခုနှစ်ဆယ်ကျော် သေဆုံးပြီး ထောင်နဲ့ချီ ဒဏ်ရာရ သွားပါတယ်။

ပွဲအပြီးမှာ အိမ်ရှင် ပရိသတ်တွေက ပြိုင်ဘက် အသင်း ပရိသတ်တွေဆီ ပြေးပြီး ရိုက်နှက်ကြ ရာကနေ ရဲနှစ်ယောက် အပါအဝင် အနည်းဆုံး ၇၃ ယောက် သေဆုံးတယ်လို့ အစိုးရက ကြေညာပါတယ်။

ဒိုင်ပွဲသိမ်း ခရာမှုတ်တာနဲ့ အိမ်ရှင် အသင်း ပရိသတ်တွေက ကိုင်ရို အခြေစိုက် အဝေးကွင်း လာကစားတဲ့ အသင်းရဲ့ ကစားသမားတွေနဲ့ ပရိသတ်တွေဆီ ပြေးပြီး ရိုက်ပါတယ်။

သိပ်မကြာခင်ပဲ တဘက်နဲ့ တဘက် ခဲတွေ မီးကွင်းတွေနဲ့ ပစ်ပြီး ရုပ်ရုပ်သဲသဲနဲ့ အင်မတန်မှ အရုပ်ဆိုးတဲ့ အခြေအနေ တခုကို ပြောင်းလဲ သွားပါတော့တယ်။

ဒီအဖြစ် အပျက်နဲ့ ပတ်သက်ပြီး မေးနေကြတာက ဒီရန်ပွဲရဲ့ နောက်ကွယ်မှာ နိုင်ငံရေး ပယောဂ တခုခု ရှိနေမလား ဆိုတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။

အီဂျစ်မှာ ဘောလုံး ဝါသနာအိုးတွေဟာ အင်မတန်မှ ဒေါသ ထွက်လွယ်သူတွေ ဖြစ်ပါတယ်။

အထူးသဖြင့် အဝေးကွင်း လာကစားတဲ့ အယ်လအာခလီ အသင်း ပရိသတ်တွေဟာ ထစ်ခနဲ ရှိ ရိုက်တတ် နှက်တတ်သူတွေ အဖြစ် နံမယ်ကြီးရုံမက မကြာခင်က ကိုင်ရိုမှာ ရဲနဲ့ ရိုက်ကြတဲ့ ပွဲတွေမှာ ရှေ့တန်းက ပါဝင်သူတွေ အဖြစ် သိကြပါတယ်။

ဒီတော့ လုံခြုံရေးတွေ၊ ရဲတွေက ကိုင်ရိုတုန်းက အဖြစ်အပျက်တွေ အတွက် လက်စား ချေချင်လို့ တမင် ရိုက်တာ ဖြစ်နိုင်တယ်ဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေ ရှိနေပါတယ်။

အီဂျစ် သတင်းထောက် တယောက် ပြောပြတာကတော့ အီဂျစ်က လက်ရှိ အခြေအနေဟာ အရမ်းကို ပေါက်ကွဲလွယ်တဲ့ အခြေအနေမျိုး၊ ဘယ်တုန်းကနဲ့မှ မတူတဲ့ အခြေ အနေမျိုးလို့ သူက ပြောပါတယ်။

ပြောနေကြတာကတော့ အရင် အစိုးရ အဖွဲ့ဟောင်းက လူတွေဟာ ခု မွတ်စလင်ညီအကို တော်များ အဖွဲ့ အာဏာရလာပြီ ဆိုတာ သိတော့ အခြေအနေကို မတည် မငြိမ် ဖြစ်အောင် တမင် လုပ်နေတာလို့ ယူဆသူက ယူဆပါတယ်။

တချို့ကလည်း ရဲဟာ ပြီးခဲ့တဲ့ ဆန္ဒ ပြပွဲတွေကို မထိန်းနိုင်တဲ့ အတွက် ကိုယ့်ကိုယ်ကို ယုံ ကြည်ချက် ကျပြီး မလုပ်ရဲ မကိုင်ရဲ ဖြစ်နေတယ်လို့ ယူဆသူတွေ ရှိပါတယ်။

လူတွေက ရဲကို အရင်ကလို မကြောက်တော့ဘူး ဆိုတဲ့ အမြင်မျိုး ရှိလာတယ်၊ ခုလို ကလေ ကချေ မင်းမဲ့ စရိုက်ဆန်ဆန် လုပ်ရပ်တွေကို ရဲက ဘာမှ မလုပ်ရဲဘူးလို့ ယူဆပြီး အတင့်ရဲ လာတာ ဖြစ်နိုင်တယ်လို့ ပြောသူလည်း ရှိပါတယ်။

တချို့ကလည်း ခု အဖြစ်အပျက်မှာ ကိုင်ရို ဘောလုံးကလပ်အသင်း ပရိသတ် အချခံရအောင် သက်သက် ဘာမှ မလုပ်ဘဲ ရပ်ကြည့်နေတာဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေတယ်လို့ ကိုင်ရို အခြေစိုက် သတင်းထောက်က ဘီဘီစီကို ပြောပြခဲ့ပါတယ်။