ရုရှားဝန်ကြီး ဆီးရီးယား ရောက်ရှိ

္္syria_rassia_flag ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယား ပြည်သူတွေက ရုရှားနိုင်ငံခြားရေး ဝန်ကြီးကို ကြိုဆို နှုတ်ဆက်

ရုရှား နိုင်ငံခြားရေးဝန်ကြီးဟာ ဆီးရီးယားသမ္မတနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆီးရီးယားနိုင်ငံကို အင်္ဂါနေ့ က ရောက် ရှိလာ ပါတယ်။

မြို့တော် ဒမတ်စ်စကတ်စ်ရဲ့ လမ်းမတွေမှာ ဆီးရီးယားပြည်သူတွေဟာ နှစ်နိုင်ငံအလံတွေ ကိုဝှေ့ရမ်းပြီး သူ့ကို သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြ ပါတယ်။

တနင်္လာနေ့က အမေရိကန် နိုင်ငံဟာ သူရဲ့ ဒမတ်စ်စကတ်စ်က သံရုံးကိုပိတ်လိုက်သလို ဗြိတိန်နိုင်ငံ ကလည်း သူ့နိုင်ငံရဲ့ သံအမတ်ကို ပြန်ရုတ်သိမ်း လိုက်တဲ့နောက်ပိုင်းမှာ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆီးရီးယားကို ရောက် လာတာပါ။

ဆီးရီးယားအစိုးရက သူ့ရဲ့နိုင်ငံသားတွေအပေါ် သတ်ဖြတ်နေတာတွေကို ရပ်တန့်ဖို့ ကြိုးစား နေတဲ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ဗီတိုအာဏာသုံးပြီး ရုရှား နိုင်ငံနဲ့ တရုတ်နိုင်ငံက ကန့်ကွက်ခဲ့တဲ့အတွက် အနောက်နိုင်ငံတွေ က အလွန်အမင်း ဒေါသ ထွက်နေကြပါတယ်။

ရုရှား နိုင်ငံခြားရေးဝန်ကြီး က သူ့ခရီးစဉ် ရဲ့ ရည်ရွယ်ချက်ကိုတော့ လူသိရှင်ကြား ထုတ်ဖော် မှာမဟုတ်ဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ ရုရှားနိုင်ငံကတော့ ဆီးရီးယားနိုင်ငံမှာ အစိုးရ အပြောင်းအလဲ ဖြစ်အောင် လုပ်ဆောင် နေတဲ့ နိုင်ငံတကာရဲ့ လုပ်ရပ်ကိုတော့ ဆန့်ကျင်တယ် လို့ ပြောပါတယ်။

ဒီလိုဆွေးနွေးမှုတွေလုပ်နေတဲ့အချိန်မှာပဲ ဆီးရီးယားစစ်တပ် က ဟုမ်းစ်မြို့ကို တင့်ကားတွေ အပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေကို ဆက်လက်ပြုလုပ်နေပြီးတော့ ဒီတိုက်ခိုက်မှုဟာ ဆီးရီးယားအစိုးရရဲ့ ပြင်းပြင်းထန်ထန် ခြေမှုန်းတိုက်ခိုက်မှုတွေ လုပ်နေတဲ့ စတုတ္ထနေ့ဖြစ်ပါတယ်။

တနင်္လာနေ့ က ပစ်ခတ်မှုမှာတော့ လူ အနည်းဆုံး ၅၀ သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရခဲ့တယ် လို့ တက်ကြွလှုပ်ရှားသူ တွေက ပြောပါတယ်။

ဟုမ်းစ် မြို့ဟာ သမ္မတ ဘယ်ရှာလ် အယ်လ် အာဆတ်ဒ် ကိုဆန့်ကျင်တိုက်ခိုက်နေသူတွေရဲ့ အဓိက ခြေကုပ်ယူထားတဲ့မြို့ဖြစ်လို့ ဟုမ်းစ်မြို့ အပါအဝင် ပြည်နယ် တခုလုံး ကနေ လက်နက် ကိုင်ဆန့်ကျင်သူ တွေကို အပြီးသတ် ရှင်းလင်းနိုင်တဲ့အထိ ထိုးစစ်ဆင်တိုက်ခိုက်မှု တွေ ဆက်လုပ်သွားမယ်လို့ ဆီးရီးယား အစိုးရက ခပ်တင်းတင်း ထုတ်ပြန် ကြေငြာ လိုက် ပါတယ်။