ဆီးရီးယားအရေး ဘန်ကီမွန်းဝေဖန်

_ban_ki_moon ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား အရေး ဘန်ကီမွန်း ဝေဖန်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က လည်း ရုရှ နဲ့ တရုတ်ရဲ့ လုံခြုံရေး ကောင်စီ ရဲ့ ဆုံးဖြတ်ချက် ကို ပယ်ချ ခြင်းဟာ ကိုယ့် နိုင်ငံသား အပေါ် ကိုယ်တိုင် စစ်ပွဲ ဆင်နွှဲခွင့် အားပေးလိုက်တာနဲ့ အတူတူပဲ လို့ ထုတ်ဖေါ် ပြောလိုက်ပါတယ်။

လုံခြုံရေး ကောင်စီ အနေနဲ့ သွေးထွက်သံယို မှု ကို ရပ်ဆိုင်းအောင် တသံထဲ မထွက်နိုင်အောင် ဖြစ်ခဲ့တဲ့ အပေါ်မှာ ဝမ်းနည်းမိကြောင်း ဘန်ကီမွန်း က ပြောသွားတာပါ။

ဟုမ်းစ်မြို့ မှာ ရက်ရက်စက်စက် သတ်ဖြတ်နေမှု ဟာ တုန်လှုပ် ခြောက်ခြားစရာ ကောင်းလှတဲ့ အတွက် ပြည်တွင်းစစ် နဲ့ ဂိုဏ်းဂန တိုက်ပွဲဆီ ဦးတည်နေမှု တွေ ရပ်တန့်သွားတဲ့ အထိ အသက်ပေါင်း မည်မျှ ပေးဆပ်ကြရ ဦးမှာ လည်း လို့ ကုလသမဂ္ဂ မှာ ထုတ်ဖေါ်ပြောသွားပါတယ်။

ဆီးရီးယား နိုင်ငံရဲ့ တတိယ အကြီးဆုံး မြို့ဖြစ်သလို အစိုးရ ပုန်ကန်သူတွေ ရဲ့ အဓိက ဌာနချုပ် ဖြစ်တဲ့ ဟုမ်းစ်မြို့ရဲ့မြို့ခံ တွေက အစိုးရတပ်တွေဟာ အပြင်းထန်ဆုံး ပစ်ခတ်မှု တွေ ပြုနေတယ်လို့ ဆိုပါတယ်။ မနေ့က ဆိုရင် တင့်ကားတွေ၊ မော်တာတွေ၊ အမြောက်တွေ နဲ့ စက်သေနတ် အကြီးစား တွေနဲ့ ပစ်ခတ်မှု ကြောင့် လူပေါင်း ၅ဝ ခန့် သေဆုံးကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

မြို့တွင်းအခြေအနေ ဆိုးဝါးမှု အရလည်း အစာ ရေစာ နဲ့ ဆေးဝါး ပြတ်လပ်မှု တွေ ရှိနေကြောင်း မြို့ခံတွေ က ပြောပါတယ်။ ဒီတိုက်ခိုက်မှု တွေ ကို တွေ့နေရတဲ့ ဘီဘီစီ သတင်းထောက်ကလည်း မြို့လူထု ဟာဆိုရင် စိတ်ဓါတ် အလွန်အမင်း ကျဆင်း နေပြီး သူတို့ရဲ့ ကံကြမ္မာ ကို နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ပစ်ပယ်ထားတယ် လို့ ခံစားနေရကြောင်း ပြောပြပါတယ်။