အကျဉ်းတံခါး သော့ရှာမတွေ့လို့ အကျဉ်းသားတွေ သေဆုံး

ဓာတ်ပုံ မူပိုင် AFP
Image caption အကျဉ်းဉီးစီး အရာရှိတွေကို တာဝန် ရပ်ဆိုင်း လိုက်တဲ့ သမ္မတ လိုဘို

ဟွန်ဒူးရပ်စ် နိုင်ငံမှာ အကျဉ်းထောင် မီးလောင်မှုကြောင့် လူ၃ဝဝကျော် သေဆုံး သွားခဲ့ ပြီးတဲ့နောက် အကျဉ်း ဦးစီး အရာရှိတွေကို သမ္မတ Porfirio Lobo က ရာထူးက ရပ်ဆိုင်း လိုက်ပါတယ်။

သူ့အဆိုအရ လက်မခံနိုင်တဲ့ ဒီဖြစ်ရပ်ဆိုးဟာ ဘာကြောင့် ဖြစ်ရတာလဲ ဘယ်သူ့မှာ တာဝန် ရှိသလဲ ဆိုတာကို အပြည့်အဝ ပွင့်လင်း မြင်သာအောင် စုံစမ်း ဖော်ထုတ် သွားဖို့ ဆုံးဖြတ်ထားတယ်လို့ မစ္စတာ လိုဘိုက ဆိုပါတယ်။

အကျဉ်း အခန်း တံခါးသော့တွေ ရှာမရတာကြောင့် အကျဉ်းသား အများစုဟာ မီးလောင် သေဆုံးတာ ဒါမှမဟုတ် မွန်းကျပ် သေဆုံးသွားတာလို့ မီးသတ်တွေက ပြောပါတယ်။

Comayagua ကိုမာရာဂွာမြို့က အဲဒီ အကျဉ်းထောင်မှာ ထားတဲ့ အကျဉ်းသား အရေအတွက်ဟာ ရှိသင့်တာထက် နှစ်ဆလောက် ပိုများ နေတာ ဖြစ်ပါတယ်။

အသက်ရှင် ကျန်ရစ်သူတွေကို ဆေးဝါး ကုသမှု အပြည့်အဝ ထောက်ပံ့ပေးမှာ ဖြစ်ပြီး သေဆုံးသူ မိသားစု တွေကိုလည်း သဂြိုလ် စရိတ် ထောက်ပံ့ ကူညီပေး သွားမယ်လို့လည်း သမ္မတ လိုဘိုက ပြောပါတယ်။