ဆီးရီးယားအရေး ဆွေးနွေးပွဲစ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ညီလာခံအတွင်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး

ဆီးရီးယားအရေးနဲ့ပတ်သက်ပြီး တူနီရှားနိုင်ငံ တူးနစ်မြို့မှာ အာရပ်အဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ ဆီးရီးယားနိုင်ငံရဲ့ မိတ်ဆွေများညီလာခံကို အမေရိကန် ယူကေ ပြင်သစ်နဲ့ တူရကီနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၇၀ ကျော် တက်ရောက်ကြပါတယ်။

ဒါပေမယ့် ဒီညီလာခံကို ဆီးရီးယားရဲ့ အဓိက မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်တို့ကတော့ တက်ရောက်ခြင်း မရှိကြပါဘူး။

ဒီညီလာခံကနေ စစ်ရေးအရ အရေးယူဆောင်ရွက်ဖို့ ဒါမှမဟုတ် အဲဒီလို အလားတူ ဆောင်ရွက်မှုတွေကို လုပ်ဖို့ ဆိုတာတွေကို ဆုံးဖြတ်မှာ မဟုတ်ဘူးလို့

အာရပ် နိုင်ငံများအဖွဲ့ချုပ် ဥက္ကဌ နာဘီ အဲလ် အာရဘီ က ပြောပါတယ်။

အာရပ်အဖွဲ့ချုပ်က အစပြု ဆွေးနွေးခဲ့တဲ့ ငြိမ်းချမ်းစွာ ပြေလည်ရေး အကောင်အထည်ပေါ်လာ နိုင်ဖို့အတွက် ဆွေးနွေးနေကြတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ကယ်ဆယ်ရေး အကူအညီတွေ ပေးနိုင်အောင် ဆီးရီးယားက တိုက်ခိုက်မှုတွေကို ခေတ္တ ရပ်ဆိုင်းထားဖို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ရဲ့ မေတ္တာရပ်ခံချက်ကို ဆီးရီးယားအာဏာပိုင်တွေက ဘာမှ တုံ့ပြန်ပြောကြားခြင်းမရှိသေးဘူးလို့ ဒီညီလာခံကျင်းပနေချိန်မှာပဲ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။

တူးနစ်မြို့မှာ တွေ့ဆုံ ဆွေးနွေးနေကြတဲ့ အနောက်နိုင်ငံတွေနဲ့ အာရပ်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီတွေဟာ ဆီးရီးယားမှာ ချက်ခြင်းအပစ်ရပ်ဖို့ကို တောင်းဆိုလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

နောက်ပြီး ဆီးရီးယားအစိုးရကို ဘယ်လိုပူးပေါင်းပြီး စီးပွားရေးအရ ဆက်ဖိအားပေးကြမလဲဆိုတာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဆီးယားယား အစိုးရ ကတော့ ရုပ်မြင်သံကြား သတင်းကနေ ဒီညီလာခံကို ကိုလိုနီလက်သစ်တွေရဲ့ ညီလာခံအဖြစ် ရှုတ်ချ ပြောဆိုသွားပါတယ်။

ဆီရီးယားနိုင်ငံက အစိုးရ ဆန့်ကျင်မှုတွေမှာ ၁၁ လအတွင်း လူ ၇၀၀၀ သေဆုံးခဲ့ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့တနေ့ထည်းတင် လူ ၉၀ ကျော်သေဆုံးခဲ့တယ်လို့ အစိုးရဆန့်ကျင်လှုပ်ရှားသူတွေက ပြောကြပါတယ်။