အာဖဂန် ပြည်ထဲရေးရုံး သေနတ်ဝင်ပစ်

afghan ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုရန် ကျမ်းစာ မီးရှို့မှု အတွက် လက်စားချေလို့ဆို

ကာဘူးလ်က လုံခြုံရေး အထပ်ထပ်ချ ထားတဲ့ အာဖဂန် ပြည်ထဲရေး ဝန်ကြီးရုံး ထဲမှာ သေနတ်သမားက ပစ်ခတ်တဲ့ အတွက် အမေရိကန် ဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူး အဆင့်ရှိတဲ့ လူ ၂ ဦး သေဆုံးခဲ့ ပါတယ်။

အမေရိကန် စစ်စခန်းမှာ ကိုရန် ကျမ်းစာ မီးရှို့မှု အတွက် လက်စားချေတဲ့ အနေနဲ့ အမေရိကန် တွေကို ရုံးထဲကလူ အကူအညီနဲ့ ပစ်သတ်ခဲ့ တယ်လို့ တာလီဘန် က ဆိုပါတယ်။

လျှို့ဝှက်နံပါတ် ပင်ကုတ်နဲ့ ဖွင့်မှသာ ဝင်လို့ရတဲ့ အတွင်းခန်း တခန်းမှာ အရာရှိတွေကို အနီးကပ် ပစ်သွားတာလို့ ဘီဘီစီက သတင်း ရရှိပါတယ်။

သေနတ်သမား ကတော့ လွတ်ပြေးသွားတယ်။

အာဖဂန် ကာကွယ်ရေး ဝန်ကြီးက သေဆုံးမှုတွေ အတွက် တောင်းပန် ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှု အတွက် အပြင်းထန်ဆုံး ရှုတ်ချ လိုက်တယ်လို့ ပင်တာဂွန် အမေရိကန် စစ်ရုံးချုပ်က ကြေညာချက် ထုတ်ပါတယ်။

နေတိုး အဖွဲ့ ကလည်း နောက်ထပ် သတိပေးချက် မလာသေးခင် ကာဘူးမြို့ အာဖဂန် အစိုးရ ဝန်ကြီးတွေဆီက သူတို့ အကြံပေးတွေကို ပြန်ခေါ် နေပါတယ်။

ဒီကျမ်းစာ မီးရှို့မှုနဲ့ ပတ်သက်ပြီး အာဖဂန်မှာ ၅ ရက်မြောက် ဆက်ပြီး ဆန္ဒပြ နေကြပါတယ်။

ဆန္ဒပြပွဲမှာ ရဲနဲ့ အချင်းများတဲ့ အတွက် အနည်းဆုံး လူ ၇ ယောက် သေဆုံးပြီး ၆၀ လောက် ဒဏ်ရာရသွားပါတယ်။

ဒီ ဆန္ဒပြပွဲတွေမှာ အနည်းဆုံး လူ အစိတ် လောက် သေပြီးပါပြီ။

တမင်ရှို့တာ မဟုတ်ရပါဘူးလို့ အမေရိကန် ဘက်က တောင်းပန် ထားပါတယ်။