ဓါးပြ သောင်းကျန်းတဲ့နေရာ Costa Allegra မျောနေ

Image caption သင်္ဘောကြီး မျောနေတဲ့ ဆေရှဲလ်ကျွန်း

ဆိုမာလီ ပင်လယ်ဓါးပြတွေ ကြီးစိုးရာ အိန္ဒိယ သမုဒ္ဒရာထဲမှာ လူတထောင်ကျော် တင်ဆောင်ထားတဲ့ အီတလီ အပျော်စီး သင်္ဘော Costa Allegra မျောနေတယ်လို့ သိရပါတယ်။

Seychelles ကျွန်းနိုင်ငံလေးရဲ့ တောင်ပိုင်း ကီလိုမီတာ ၃ဝဝလောက်မှာ သင်္ဘောပေါ်က မီးစက်မီးလောင်လို့ ဒုက္ခရောက်နေကြောင်း ဝန်ထမ်းတွေက အချက်ပြခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ် အလံ လွှင့်ထူထားတဲ့ ငါးဖမ်းလှေ တစင်း အခင်းဖြစ်တဲ့ နေရာကို အခု ရောက်လာသလို ၊ တခြား ကုန်တင်လှေတွေနဲ့ ဆွဲလှေတွေလည်း ဒီနေ့ အင်္ဂါနေ့ နေ့လည်လောက်မှာ ရောက်လာလိမ့်မယ်လို့ အီတလီ ကမ်းစောင့် တပ်ဖွဲ့က ဆိုပါတယ်။

ဒီ ကော့စတာ အယ်လီ ဂရာ သင်္ဘောဟာ ပြီးခဲ့တဲ့ လတုန်းက တိမ်းမှောက်သွားလို့ လူသုံးဆယ်နီးပါး သေဆုံးခဲ့ရတဲ့ ကော့စတာ ကွန်ကော်ဒီးရားနဲ့ ကုမ္ပဏီ တခုတည်းပိုင် ဖြစ်ပါတယ်။